ဘင်နီတက်ဇ်ကို ထုတ်ပယ်ကာ လီဗာပူးကစားသမားဟောင်းကို တာဝန်ပေးအပ်ဖို့ ပြင်ဆင်နေတဲ့ ပါနာသီယာကို့စ်
ရလဒ်တွေဆိုးရွားနေမှုကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း နည်းပြဘင်နီတက်ဇ်ကို ရာထူးမှထုတ်ပယ်ဖို့ ပါနာသီယာကို့စ် ပြင်ဆင်နေပါတယ်။
ဘင်နီတက်ဇ်က ပါနာသီယာကို့စ်ကို ၂၅ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၃ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်ပေးထားပေမဲ့ လတ်တလော ဂရိမြေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘင်နီတက်ဇ်က တစ်နှစ်လုပ်ခလစာ ပေါင် ၄ ဒဿမ ၄ သန်းအထိ ရရှိမယ့် နှစ်နှစ်ခွဲသက်တမ်းရှိတဲ့စာချုပ်ကို စံချိန်တင်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ ဒီပမာဏဟာ သူ့ကို ဂရိဘောလုံးသမိုင်းတစ်လျှောက် လစာအများဆုံးရရှိတဲ့ နည်းပြဖြစ်လာစေခဲ့တာပါ။
ဂရိသတင်းဌာနတစ်ခုဖြစ်တဲ့ SPORT24 ရဲ့ဖော်ပြချက်အရ အသင်းရဲ့တာဝန်ရှိသူတွေက အခုလာမယ့် OFI အသင်းနဲ့ပွဲစဉ်ကို ရာထူးမှထုတ်ပယ်ခံရလုနီးပါးဖြစ်နေတဲ့ ဘင်နီတက်ဇ်အတွက် "ဗိုလ်လုပွဲ" လိုမျိုး နောက်ဆုံးအခွင့်အရေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပါနာသီယာကို့စ်က လက်ရှိဂရိစူပါလိဂ်ရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၁၆ မှတ်အထိ ကွာဟနေပါတယ်။ အသင်းဘက်က ဘီနီတက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘစ်စကန်ကို လျာထားတယ်လို့လည်း ဆိုပါတယ်။
ဘစ်စကန်က ဘင်နီတက်ဇ်လက်အောက်မှာ ကစားခဲ့ဖူးပြီး ၂၀၀၅ ခုနှစ်ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ နာမည်ကျော်အစ္စတန်ဘူလ်အံ့ဖွယ်ညကို လီဗာပူးကစားသမားအဖြစ် ဖြတ်သန်းခဲ့ဖူးပါတယ်။
ပါနာသီယာကို့စ်က ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ကာတာကလပ်၊ အယ်လ်အာလီမှထွက်ခွာလာတဲ့ ဘစ်စကန်နဲ့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ SPORT24 က ဖော်ပြထားပါတယ်။
ပါနာသီယာကို့စ်ကို ဘင်နီတက်ဇ်စတင်ကိုင်တွယ်ချိန် အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ရှစ်မှတ်၊ အဆင့်-၄ နေရာနဲ့ သုံးမှတ်သာ ကွာဟခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အမှတ်ကွာဟချက်က နှစ်ဆလောက်အထိ ဖြစ်သွားခဲ့ပြီး OFI အသင်းနဲ့ပွဲမှာသာ အနိုင်မရခဲ့ဘူးဆိုရင် နယူးကာဆယ်နဲ့ အဲဗာတန်နည်းပြဟောင်း ဘင်နီတက်ဇ်ရဲ့ဂရိမြေလမ်းခရီး ဆုံးခန်းတိုင်သွားနိုင်ပါတယ်။