ရိုမဲရိုးက ယူနိုက်တက်အတွက် သင့်တော်တဲ့နောက်ခံလူဖြစ်တယ်လို့ ဆိုလာတဲ့ ပေါလ်စခိုးလ်
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်က သူ့ရဲ့အသင်းဟောင်းအနေနဲ့ စပါးအသင်းရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူစေချင်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က မန်ယူအသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရိုမဲရိုးဟာ ကွင်းလယ်လူ ကတ်စမီရိုကို ဖျတ်ထုတ်ပုံကြမ်းခဲ့တာကြောင့် အနီကတ်ပြသခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ဒီအပတ်မှာကစားမယ့် နယူးကာဆယ်နဲ့ပွဲစဉ်အပြင် နောက်ထပ် ၄ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ထပ်မံခံရတော့မှာပါ။
ဒါဟာရိုမဲရိုးအနေနဲ့ စပါးအသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ၆ ကြိမ်မြောက် အနီကတ်အပြခံရတာလည်း ဖြစ်ပါတယ်။ ရိုမဲရိုးဟာ ခုခံကာကွယ်ရာမှာ အမြဲတမ်းလိုလို ကြမ်းတမ်းလွန်းနေတာကြောင့် စပါးပရိသတ်တွေကလည်း သူ့ရဲ့ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း စိတ်ပျက်လာခဲ့ကြပါတယ်။
ဒါတောင်မှ "The Good, The Bad and The Football" ပေါ့တ်ကတ်စ်ရဲ့ နောက်ဆုံးအပိုင်းမှာ စခိုးလ်က လာမယ့်နွေရာသီမှာ ရိုမဲရိုးကို ယူနိုက်တက်ဆီ ခေါ်ဆောင်သွားတာမျိုး မြင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"သိလား၊ ကျွန်တော် သူ့ကို သဘောကျတယ်။ သူ့ရဲ့ ကစားဟန်ကို ကြည့်ရတာ တကယ်နှစ်သက်ပါတယ်။ သူက စပါးမှာ စိတ်ပျက်နေတာ မဟုတ်လား။ အဲဒီမှာ ဆက်ရှိနေချင်ပုံ မရဘူး။ ပရိသတ်တွေကိုလည်း ပြန်ပြောတယ်၊ ဘုတ်အဖွဲ့ကိုလည်း ဝေဖန်တယ်၊ သူ့စိတ်က အသင်းမှာ မရှိတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို မန်ယူမှာ ရှိစေချင်တယ်။ သူ့ရဲ့ စရိုက်ကို ကျွန်တော် တကယ်နှစ်သက်လို့ပါ" လို့ စခိုးလ်က ဆိုပါတယ်။
စနေနေ့ပွဲအပြီးမှာတော့ နည်းပြ ဖရန့်ခ်က ရိုမီယိုဘက်ကနေ ကာကွယ်ပြောဆိုသွားခဲ့ပြီး ဒီအာဂျင်တီးနား နောက်ခံလူဆီကနေ အသင်းခေါင်းဆောင်လက်ပတ်ကို ပြန်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုအသင်းတွေကလည်း ရိုမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ မန်ယူအသင်းကသာ နွေရာသီမှာ လက်ဦးမှုယူ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အငြင်းပွားစရာ အကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။