The network connection is lost.

Banner Image

နွေရာသီမှာအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေချိန် တော့တင်ဟမ်အသင်းအနေဖြင့် စည်းကမ်းရှိရမယ်လို့ ယိုဟန်လန်းဂ်အသိပေး

တော့တင်ဟမ်အသင်းအားကစားဒါရိုက်တာယိုဟန်လန်းဂ်က အသင်းရဲ့ကစားသမားသစ်ခေါ်ယူရေး မဟာဗျူဟာနဲ့ ပတ်သက်ပြီး အခုအပတ်အတွင်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာနည်းပြ သောမတ်စ်ဖရန့်ခ်လက်အောက် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း စီနီယာကစားသမားသစ်နှစ်ဦးသာ ခေါ်ယူခဲ့ပါတယ်။

ဇန်နဝါရီလအတွင်းမှာ ဂလယ်ဟာနဲ့ ဘရာဇီးလ်ဘယ်နောက်ခံလူဆူဇာတို့ လန်ဒန်မြေဆီရောက်ရှိလာခဲ့ပေမဲ့ ပရိသတ်တွေကတော့ အသင်းရဲ့ရင်းနှီးမြှုပ်နှံမှုအားနည်းချက်အပေါ် စိတ်ပျက်နေကြပါတယ်။

တော့တင်ဟမ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ယိုဟန်လန်းဂ်ကတော့ အသင်းရဲ့အပြောင်းအရွှေ့ မူဝါဒတွေကို ခုခံကာကွယ်သွားခဲ့ပြီး ကစားသမားသစ်တွေ ထပ်မံမခေါ်ယူနိုင်ခဲ့ခြင်းကို လတ်တလောအခြေအနေအရ မဖြစ်နိုင်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။

" ဇန်နဝါရီလဆန်းပိုင်းလောက်တုန်းက တစ်လအတွင်း ကစားသမားခုနစ်ဦးလောက်အထိ ဒဏ်ရာရသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါဟာ အပြောင်းအရွှေ့ကာလအတွင်း အခြေအနေတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်" လို့ ၎င်းက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက ကလပ်အသင်းအနေဖြင့် စည်းကမ်းရှိဖို့ လိုအပ်သလို အသင်းအတွက် အခုလက်ရှိ ဒါမှမဟုတ် အနာဂတ်ကာလအထိ အမှန်တကယ်အကူအညီဖြစ်စေမယ့် ကစားသမားတွေကိုပဲ အစွမ်းကုန် ကြိုးစားခေါ်ယူသွားရပါမယ်လို့ ဆိုပါတယ်။

"ဒီဇန်နဝါရီမှာ ကစားသမားတစ်ဦး ဒါမှမဟုတ် နှစ်ဦးလောက် ထပ်ခေါ်နိုင်ခဲ့ရင် ကျွန်တော်တို့ အရမ်းဝမ်းသာမိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး"လို့ ယိုဟန်လန်းဂ်က ဖွင့်ဟခဲ့ပါတယ်။

၎င်းက "ဒါကြောင့် ကျွန်တော်တို့ နွေရာသီကို မျှော်လင့်နေသလို ကျန်ရှိနေတဲ့ ရာသီဝက်အတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေအတွက် အလွန်အရေးကြီးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တော့တင်ဟမ်အသင်းက ကူဒက်၊ ဘန်တန်ကာ၊ ဘာ့ဂ်ဗောလ်၊ ရစ်ချာလီဆန်နဲ့ ပက်ဒရိုပေါ်ရို စတဲ့ အဓိကကစားသမားတွေကို လက်လွှတ်ထားရပါတယ်။

ဒိန်းမတ်လူမျိုးနည်းပြသောမတ်စ်ဖရန့်ခ်အတွက်တော့ ဖိအားတွေနဲ့ရင်ဆိုင်နေရချိန် လက်ကျန်ရာသီဝက်ကို အခုလူစာရင်းနဲ့ပဲ ကျော်ဖြတ်သွားရပါလိမ့်မယ်။

တော့တင်ဟမ်အသင်းက လာမယ့်စနေနေ့မှာ ပုံစံကောင်းရနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးလိဂ်နိုင်ပွဲနဲ့အတူ အဆင့် ၁၃ နေရာဆီ တက်လှမ်းနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။