The network connection is lost.

Banner Image

မန်ချက်စတာဒါဘီရှုံးပွဲအတွင်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တဲ့ ဖိုဒန်

အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း မန်စီးတီးကစားသမား ဖိုဒန် လက်အရိုးကျိုးသွားတယ်လို့ ယူဆရပါတယ်။
နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဖိုဒန်ကို လူစားလဲလှယ်ခဲ့ပြီး မန်စီးတီးရဲ့ဒဏ်ရာပြဿနာအကျပ်အတည်းကို ပိုမိုဆိုရွားလာနိုင်ပါတယ်။ ဒါပေမဲ့ ပက်ဂွါဒီယိုလာကတော့ ဂူဟီကိုခေါ်ယူပြီး ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်မှ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ပေါင်သန်း ၂၀ ဖြင့်ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိထားပြီး ဒါဟာ ဂျီဗာဒီအော၊ ရူဘင်ဒီယက်စ်နဲ့ ဂျွန်စတုန်းစ်တို့ကို လက်လွှတ်ထားရတဲ့ ပက်ဂွါဒီယိုလာအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခု ဖြစ်လာပါလိမ့်မယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း လီဗာပူးဆီရောက်ရှိလုနီးပါးဖြစ်ခဲ့တဲ့ ဂူဟီက ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အတွက် ပါဝင်ကစားခဲ့ခြင်းမရှိသလို နည်းပြအိုလီဗာဂလက်စ်နာကိုယ်တိုင်လည်း သူတို့အသင်းကပ္ပတိန်ထွက်ခွာသွားတော့မယ့်ကိစ္စကို လက်ခံထားခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ကျွန်တော့်ရဲ့ကလပ်အသင်းအတွက် တရားဝင်သိထားရတာမျိုး မရှိသေးပါဘူး။ အပြောင်းအရွှေ့အတွက် နီးစပ်နေပြီလို့ ယူဆရပေမယ့် အမှုဆောင်အရာရှိချုပ်ဆိုရီယာနိုရော၊ ဘောလုံးဒါရိုက်တာဟူဂိုဗီယာနာပါ ဘာမှမပြောလာသေးပါဘူး။ ဂျီဗာဒီအောနဲ့ ရူဘင်ဒီယက်စ် မပါဝင်နိုင်ပေမယ့် အယ်လေးနီဟာ သူနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ခုမှာ ထိပ်တန်းစွမ်းဆောင်ရည် ပြသခဲ့ပါတယ်”လို့ ဆိုပါတယ်။
အခုရာသီ၊ ၁၀ ဂိုးသွင်းယူထားတဲ့ ဖိုဒန်က မန်စီးတီးရဲ့ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမား ဖြစ်ပြီး ဘိုဒိုဂလင့်၊ ဂါလာတာစာရေးတို့နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေအပါအဝင် ပွဲကျပ်ကာလတစ်ခုကို လွဲချော်နိုင်ပါတယ်။ တဖက်မှာလည်း မန်စီးတီးက လာမယ့်လအတွင်း လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲကြီးပွဲကောင်း ရှိနေလို့ ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းနေရာမှာ ရပ်တည်ကာ ရှုံးထွက်ပလေးအော့ဖ်အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အလားတူ ပက်ဂွါဒီယိုလာက စနေနေ့၊ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဒိုကူအပေါ်ကစားပုံကြမ်းတမ်းခဲ့တဲ့ ဒါးလော့ကို အနီကတ်ပြသင့်တယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်ကတော့ အခုဖြစ်ရပ်ကို လွန်လွန်ကဲကဲဆိုတာထက် ရှပ်ထိရုံလောက်သာဖြစ်တယ်လို့ မှတ်ချက်ပြုရင်း ညာနောက်ခံလူကို သတိပေးခဲ့ပါတယ်။ အလားတူ မန်စီးတီးနည်းပြကလည်း ဒီဆုံးဖြတ်ချက်ကို ရှုံးပွဲအတွက် အဓိကအကြောင်းအရင်းတစ်ခုလို့ မမှတ်ယူထားခဲ့ပါဘူး။
ပက်ဂွါဒီယိုလာက “ ဒါ အနီကတ်ပါ။ ဒါပေမဲ့ ပွဲစဉ်အတွက် အဓိကအကြောင်းအရင်းအဖြစ် ဒီအချက်ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မယ်ဆိုရင် အလွန်သနားစရာကောင်းတဲ့နည်းပြတစ်ဦး ဖြစ်လာပါလိမ့်မယ်။ အခြေအနေတွေ အများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ဒါးလော့ရဲ့ဖြစ်ရပ်ကို အနီကတ်ပြသသင့်တယ်လို့ ပြောဖို့ဆိုတာ လွယ်လွယ်လေးပါပဲ။ ပွဲစဉ်နဲ့တော့ မဆိုင်ပါဘူး။ ရှုံးနိမ့်မှုအတွက်ပဲဖြစ်ဖြစ်၊ အနိုင်ရရှိမှုအတွက်ပဲဖြစ်ဖြစ် အနီကတ်ပြသင့်တယ်ဆိုတဲ့အချက်ကို ငြင်းချက်ထုတ်မယ်ဆိုရင် ကျွန်တော်တို့ မတိုးတက်လာနိုင်တော့ပါဘူး”လို့ ပြောပါတယ်။