The network connection is lost.

Banner Image

၀က်စ်ဟမ်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် သောမတ်စ်ဖရန့်ခ်ရဲ့အနာဂတ်အတွက် တော့တင်ဟမ်စဉ်းစားလာ

ဝက်စ်ဟမ်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး တော့တင်ဟမ်အသင်းဘုတ်အဖွဲ့က သောမတ်စ်ဖရန့်ခ်ကို လာမယ့်အင်္ဂါနေ့၊ ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် တာဝန်ပေးဖို့သင့်၊ မသင့် အကြိတ်အနယ်ဆွေးနွေးလာကြတယ်လို့ ဒီအခြေအနေနဲ့နီးစပ်သူသတင်းရင်းမြစ်တွေဆီမှ သိရပါတယ်။
အိမ်ကွင်းမှာ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့်ရှုံးနိမ့်မှုက ကလပ်အသင်းအာဏာပိုင်တွေရဲ့အဆင့်ဆင့်ဖိအားပေးမှုတွေကို ခံနိုင်ရည်ရှိဖို့ကြိုးစားနေတဲ့ ဒိန်းမတ်သားအတွက် စိတ်ပျက်စရာသီတင်းပတ်ကုန်အခိုက်အတန့် ဖြစ်လာပါတယ်။
ဒီနေ့(တနင်္ဂနွေနေ့)မှာတော့ သောမတ်စ်ဖရန့်ခ်ရဲ့အနာဂတ်အတွက် တော့တင်ဟမ်အသင်းအာဏာပိုင်တွေ ထပ်မံစည်းဝေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းကိုယ်တိုင်လည်း ဘောလုံးအခြေခံအဆောက်အအုံမပြည့်စုံမှု၊ အကောင်းဆုံးတိုက်စစ်ကစားသမားတွေကို လက်လွှတ်ထားရမှုတို့အပြင် ပိုမိုကြီးမားတဲ့ကလပ်အသင်းတစ်ခုမှာ အသားကျအောင်လုပ်ဆောင်နေရတဲ့ သောမတ်စ်ဖရန့်ခ်ကို အပြည့်အဝနားလည်ပေးခဲ့ပါတယ်။ အနည်းဆုံးတော့ ဒိန်းမတ်သားကို ပိုကောင်းတဲ့အခြေအနေမျိုးမှာ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် အခွင့်အရေးပေးချင်ခဲ့ပေမယ့် အခုတော့ အခြေအနေတွေဟာ အလွန်ဆိုးရွားတဲ့အဆင့်ထက်ပင် ကျော်လွန်နေပါပြီ။
မည်သို့ပင်ဆိုစေကာမူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေကောင်းနေတဲ့ တော့တင်ဟမ်ကြောင့် သောမတ်စ်ဖရန့်ခ်ကို စိတ်ရှည်ပေးကြဖို့ တောင်းဆိုသူအချို့လည်း ရှိပါတယ်။ ဒါပေမဲ့ ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် အချိန်နှစ်ရက်သာရရှိထားလို့ ပိုမိုရှုပ်ထွေးလာတဲ့အခြေအနေတစ်ရပ်လည်း ရှိလာနိုင်ပါတယ်။
သောမတ်စ်ဖရန့်ခ်ကို ရာထူးမှထုတ်ပယ်လိုက်မယ်ဆိုရင် ကလပ်အသင်းအတွင်း လူသိများထင်ရှားတဲ့ ဇာဘီအလွန်ဆို အဆင်သင့်ရှိနေပေမယ့် စပိန်သားကိုယ်တိုင်လည်း လာမယ့်လတွေအတွင်း သူ့အတွက် ပိုမိုကောင်းမွန်တဲ့ရွေးချယ်ခွင့်တွေ ရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
တော့တင်ဟမ်ပရိသတ်တွေကတော့ သောမတ်စ်ဖရန့်ခ်ကို အပြည့်အဝဆန့်ကျင်ခဲ့ပြီး တောင်ဘက်ပွဲကြည့်စင်မှတဆင့် “မနက်ဖြန်မှာ အလုပ်ပြုတ်တော့မယ်”လို့ ကြွေးကြော်ခဲ့ကြပါတယ်။ နည်းပြက “ ဟုတ်ပါတယ်၊ ကျွန်တော့်မှာ ပိုကောင်းတဲ့အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အကောင်းဆုံးအချိန်မဟုတ်ပေမယ့် ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ကျွန်တော်က တာဝန်ယူထားသူဖြစ်လို့ အပြစ်တင်မယ်ဆိုရင်လည်း ကျွန်တော်ပဲ ခံယူသွားပါမယ်။ ဒါ တရားမျှတပါတယ်။
ဒီသဘောတရားအရဆိုရင် ဘာပြဿနာမှမရှိပါဘူး။ ကစားသမားတွေကို ထောက်ခံအားပေးနေသရွေ့၊ သူတို့ကို အားပေးထောက်ခံပြီး ရှေ့ဆက်ဖို့ကြိုးစားနေသရွေ့ ဒီအတိုင်းပဲ ဆက်လုပ်သွားရပါမယ်။ နိုင်ပွဲတွေ လုံလုံလောက်လောက်မရရှိဘူးဆိုရင် ပရိသတ်တွေရဲ့လုံလောက်တဲ့ထောက်ခံမှုမျိုး မရရှိနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ နိုင်ပွဲတွေရရှိလာရင် အဲ့ဒါတွေအကုန်လုံး ပြောင်းလဲသွားပါလိမ့်မယ်။ နိုင်ပွဲတွေ ပြန်ရလာပြီဆိုရင် ကျွန်တော်တို့တွေ ဒီအခြေအနေကို ပြောင်းလဲနိုင်ပါလိမ့်မယ်။ ဒါကို သံသယမရှိပါဘူး။
ဒီနေ့ပွဲစဉ်ကို အားလုံးမြင်တေ့ွကြပြီး ကျွန်တော်တို့တွေ ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အလွယ်တကူအနိုင်ရနိုင်တယ်လို့ ထင်ပါတယ်။ ဆင်ခြေပေးတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ ကစားသမားအင်အား နည်းပါးနေသလို တိုက်စစ်ကစားသမားတွေရဲ့ဂိုးတွေလည်း ပိုမိုလိုအပ်နေပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အခက်တွေ့နေပါတယ်။ ဒါပေမဲ့ ကျွန်တော်က နေ့စဉ်နေ့တိုင်းအစွမ်းကုန်ပေးဆပ်နေတယ်ဆိုတာတော့ အာမခံပါတယ်။ လူတိုင်းရဲ့ယုံကြည်မှုကို ရရှိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ဒီအတိုင်းဆက်ကြိုးစားသွားဖို့သာဖြစ်တယ်လို့ ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။