တော့တင်ဟမ်အသင်းဖော်တွေဆီမှ စိတ်အားထက်သန်မှုပိုမိုပြသပေးဖို့ တောင်းဆိုခဲ့တဲ့ ဗန်ဒီဗန်
အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ရန်ပွဲကို ကာကွယ်ပြောဆိုလိုတဲ့ ဗန်ဒီဗန်က တော့တင်ဟမ်အနေဖြင့် ရှုံးနိမ့်နေချိန်မှာသာမက အခုလိုစိတ်ဓါတ်မျိုးကိုပြသဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အခုအချိန်မှာ သောမတ်စ်ဖရန့်ခ်ရဲ့အသင်းက ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲအနက် တစ်ပွဲပဲ အနိုင်ရရှိထားပါတယ်။
အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့တဲ့ ယမန်နေ့ညပိုင်းအက်ဖ်အေဖလားပွဲစဉ်အပြီး နှစ်ဖက်အသင်းကစားသမားတွေအကြား အပြန်အလှန်တွန်းထိုးမှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး အသက်-၂၄ နှစ်အရွယ်ခံစစ်မှူးဗန်ဒီဗန်က သူတို့အသင်းကစားသမားတွေရဲ့လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဗန်ဒီဗန်က “ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ဒီလိုစိတ်ဓါတ်မျိုးကို ရှုံးနိမ့်ချိန်မျိုးမှသာ သယ်ဆောင်လာတာမျိုး မဖြစ်သင့်ပါဘူး။ အခုလိုစိတ်ဓါတ်ပိုင်းနဲ့သာ စတင်လိုက်နိုင်မယ်ဆိုရင် မတူကွဲပြားတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။
ဒုတိယပိုင်းမှာ ကျွန်တော်တို့လုပ်ပြခဲ့တဲ့အရာမျိုးနဲ့ ပထမပိုင်းစွမ်းဆောင်ရည်တွေက ဘယ်လိုမှမနီးစပ်ခဲ့ပါဘူး။ ဒီလိုစွမ်းဆောင်ရည်ကောင်းကို မိနစ် ၉၀ ပြည့် လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။
ပြီးရင် မတူကွဲပြားတဲ့အသင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ပွဲစတင်လာချိန်ကတည်းက အခုလိုမျိုးလုပ်ပြဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကပဲ အခုလက်ရှိအခိုက်အတန့်အတွက် အဓိကပြဿနာတစ်ရပ် ဖြစ်ပါတယ်။
ကျွန်တော်တို့အသင်းမှာ အတက်အကျတွေ အရမ်းများပါတယ်။ ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုမှာ ကစားနိုင်တဲ့ပွဲစဉ်တွေ အများကြီးရှိသလို စွမ်းဆောင်ရည်ပိုင်းအတော်လေးနုံချာတဲ့ပွဲစဉ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ကြိုးစားအားထုတ်ဖို့နဲ့ တည်ငြိမ်မှုရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်”လို့ ပြောပါတယ်။