
အန်တိုနီက စစ်မှန်တဲ့ပါရမီရှင်ကစားသမားဖြစ်တယ်လို့ ချီးကျူးလာတဲ့ အစ္စကို
ရီးရဲလ်ဘက်တစ်ကြယ်ပွင့် အစ္စကိုက ယနေ့နံနက်က ဂီတာဖေးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူ့အတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ အသင်းဖော် အန်တိုနီကို စစ်မှန်တဲ့ပါရမီရှင်ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်မှ အငှားနဲ့ထွက်ခွာပြီး စပိန်မြေသို့ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ရီးရဲလ်ဘက်တစ်အတွက်အတွက် ထူးရှယ်ခြေစွမ်းတွေပြသနေပြီး ယနေ့နံနက် ဂီတာဖေးနဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း အစ္စကိုအတွက် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်ဘက်တစ်အတွက် သွင်းဂိုးတွေကို အစ္စကိုတစ်ဦးတည်းကသွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယသွင်းဂိုးကိုတော့ ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ဘက်တစ်အနေနဲ့ နိုင်ပွဲရရှိခဲ့ပေမယ့် ဂီတာဖေးနောက်ခံလူ ဂျူအန်အလက်ဆစ်ကို မလိုအပ်ဘဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အန်တိုနီကတော့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဘရာဇီးသားဟာ လာမယ့်အပတ် ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်သွားဖို့ရှိနေပါတယ်။
ဒါကြောင့် အန်တိုနီရဲ့လွဲချော်မှုဟာ မန်နူရယ်ပယ်လီဂရီနီရဲ့အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ပွဲအပြီးမှာ အန်တိုနီနဲ့ပတ်သက်ပြီး အစ္စကိုက "သူနဲ့အတူကစားရတာ အရမ်းလွယ်ကူပါတယ်။ သူ့မှာ မယုံနိုင်လောက်တဲ့ ဘောလုံးပါရမီရှိပါတယ်။ အသင်းအတွက် သူ့ရဲ့ပါရမီတွေကို အပြည့်အဝပေးဆပ်နေပါတယ်။ ကျွန်တော်တို့ ဥရောပအထိရောက်အောင် ခြေလှမ်းနိုင်မလားစောင့်ကြည့်ကြတာပေါ့" လို့ပြောကြားခဲ့ပါတယ်။
ရီးရဲလ်ဘက်တစ်အတွက် ပြိုင်ပွဲစုံ ၅ ပွဲကစားပြီးချိန်မှာ အန်တိုနီဟာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး အစ္စကိုက "အန်တိုနီရဲ့အနီကတ်နဲ့ပတ်သက်ပြီး ပြန်လည်စစ်ဆေးတာကို စောင့်ကြည့်ရပါမယ်။ လာမယ့်ပွဲမှာ သူ့အနေနဲ့ အသင်းအတွက်ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘက်တစ်ဟာ အန်တိုနီကို အငှားစာချုပ်နဲ့သာခေါ်ယူထားတာဖြစ်ပြီး စာချုပ်အရ ရာသီကုန်မှာ အပြီးသတ်ဝယ်ယူခွင့် သဘောတူညီချက်ထည့်သွင်းထားခဲ့ခြင်းမရှိပါဘူး။တကယ်လို့ ဘက်တစ်က ဘရာဇီးသားကိုသာ အပြီးသတ်ခေါ်ယူချင်တယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ ပေါင် ၈၅ သန်းအထိကုန်ကျထားခဲ့တဲ့ ကစားသမားအတွက် ဘယ်လောက်အထိ ဈေးနှုန်းတောင်းဆိုသွားမလဲ စောင့်ကြည့်ရပါမယ်။