
ရှုံးပွဲမရှိစံချိန်နဲ့ ရာသီပိတ်သိမ်းဖို့ ကြိုးစားသွားမယ်လို့ပြောကြားလာတဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က အသင်းဟာ လီဂူးဝမ်းအမှတ်ပေးဖလားကို ဆွတ်ခူးထားပြီး ဖြစ်ပေမယ့် ရှုံးပွဲမရှိစံချိန်နဲ့ ရာသီပိတ်သိမ်းဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း လီဟာဗေးနဲ့ ပွဲစဉ်မတိုင်မီမှာ ပြောကြားလာခဲ့ပါတယ်။
၂၈ ပွဲကစားပြီး ရမှတ် ၇၄ မှတ်အထိစုဆောင်းထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီဟာ လီဂူးဝမ်းအမှတ်ပေးဖလားကို ရာသီကုန်ဖို့ ၆ ပွဲအလိုမှာပဲ ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်သလို၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲတိုကိုလည်း တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
လာမယ့်စနေနေ့မှာတော့ ပီအက်စ်ဂျီဟာ တန်းဆင်းဇုန်ထဲက လီဟာဗေးကိုအိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အင်းနရစ်က အဆိုပါပွဲစဉ်မှာလည်း ပွဲကို အာရုံစိုက်ပြီး အနိုင်ရလဒ်ကို ဦးတည်ကစားသွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အင်းနရစ်က “လာမယ့်ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ တူညီတဲ့ကြိုးစားအားထုတ်မှုမျိုးနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့ စံချိန်တင်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ ဒီတွန်းအားနဲ့ လီဂူးဝမ်းပွဲစဉ်တွေကို ကစားသွားပါမယ်။ ကျွန်တော်တို့ ချန်ပီယံဖြစ်ပြီးသားပါ။ ဒါပေမယ့် ပီအက်စ်ဂျီလိုအသင်းမှာကစားဖို့ဆိုရင် အမြင့်မားဆုံးသော ဘောလုံးအဆင့်အတန်းကို ပြသနိုင်ဖို့လိုအပ်ပါတယ်။ လီဟာဗေးကလည်း အသင်းကောင်းတစ်သင်းဖြစ်လို့ ဒီပွဲက ခက်ခဲမယ်ဆိုတာ သိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ၈ ရက်အတွင်း လီဟာဗေး၊ နန့်စ်နဲ့ နိုက်စ်တို့ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်တွေအပြီးမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။
ပီအက်စ်ဂျီအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိသလားလို့ မေးမြန်းခဲ့ရာ အင်းနရစ်က “သမိုင်းတစခုကို ပြုလုပ်နိုင်ဖို့ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့လိုပါတယ်။ အထူးသဖြင့် အသင်းမှာမရဖူးသေးတဲ့ ဖလားကို ရနိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ ရာသီအစမှာ အာဆင်နယ်နဲ့ ကစားဖူးပါတယ်။ သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ အာတီတာလက်အောက်မှာ အရမ်းပဲတိုးတက်လာပါတယ်” လို့ပြောကြားခဲ့ပါတယ်။