အရာရာတိုင်းက ညီညွှတ်မျှတမှု မရှိခဲ့ဘူးလို့ ဒေါသတကြီးပြောဆိုခဲ့တဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက သူ့ရဲ့အသင်းအနေဖြင့် နယူးကာဆယ်ကို အနိုင်ရရှိခဲ့သင့်တယ်လို့ ယုံကြည်ပေမယ့် ပွဲစဉ်အတွင်း အရာရာတိုင်းဟာ ညီညွှတ်မျှတမှုမရှိဘူးလို့ ဒေါသတကြီးပြောဆိုခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေ၊ အဖျားဝေဒနာနှိပ်စက်မှုတွေနဲ့ ရုန်းကန်နေရတဲ့ တော့တင်ဟမ်က အခုရာသီအတွင်း ၁၀ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပေမယ့် ကစားသမားအပြောင်းအလဲများစွာနဲ့အတူ ဇွဲကောင်းကောင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့လို့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲအစလေးမိနစ်မှာ ဆိုလန်ကီရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ တော့တင်ဟမ်တို့ ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ အငြင်းပွားဖွယ်ရာအခြေအနေတစ်ရပ်မှတဆင့် နယူးကာဆယ်အတွက် အန်တိုနီဂေါ်ဒွန်ရဲ့ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီသွင်းဂိုးအတွက် နယူးကာဆယ်အသင်းရဲ့ကစားကွက်တည်ဆောက်မှုမှာ ဂျိုလင်တန်ရဲ့လက်နဲ့ ဘောလုံးကို ထိခဲ့ပုံရလို့ ပိုစတီကိုဂလူနဲ့ တော့တင်ဟမ်အသင်းအရန်ခုံတန်းမှာ ဒေါသအိုးပေါက်ကွဲသံတွေ ဆူညံသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ဂျိုလင်တန်ရဲ့လက်ထိဘောဟာ မတော်တဆသာဖြစ်ပြီး ပြစ်ဒဏ်သတ်မှတ်ပေးဖို့ မလိုအပ်ခဲ့ဘူးလို့ ရှင်းလင်းသွားခဲ့ပါတယ်။ ဒါပေမယ့် အငြင်းပွားစရာဖြစ်ရပ်တွေက ဒီလောက်နဲ့ပဲ မရပ်တန့်သွားခဲ့ပါဘူး။ ပွဲစဉ်အတွင်း ပထမအကြိမ်အဝါကတ် ပြသခံထားရတဲ့ ဒန်ဘန်းကို တော့တင်ဟမ်အသင်းရဲ့တန်ပြန်တိုက်စစ်စတင်မှုတစ်ခုမှာ လက်ဖြင့်ဘောလုံးကိုတားဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပြန်ပါတယ်။ တော့တင်ဟမ်ပရိသတ်တွေကတော့ ဒန်ဘန်းကို ထုတ်ပယ်သင့်တယ်လို့ ယူဆခဲ့ကြပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဒုတိယမြောက်အဝါကတ်ပြသစရာမလိုဘူးလို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ပိုစတီကိုဂလူကိုယ်တိုင် သိသိသာသာတုန်လှုပ်နေခဲ့မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ပွဲစဉ်အပြီး BBC Sport နဲ့ တွေ့ဆုံချိန် ဒေါသူပုန်ထနေတဲ့ ပိုစတီကိုဂလူက “ ပွဲချိန်အတွင်း ကိုယ်လိုချင်သလိုမျိုး ညီတူညီမျှယှဉ်ပြိုင်ကစားရမယ်ဆိုရင် ကျွန်တော်တို့အသင်း အနိုင်ရရှိသွားပါလိမ့်မယ်။ ကျွန်တော်တို့ အတော်လေးကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။ ကစားသမားတွေဆီ ကျွန်တော် အခုထက်ပိုပြီးတော့ မတောင်းဆိုနိုင်တော့သလို အခုထက်ပိုပြီးတော့လည်း ဂုဏ်မယူနိုင်တော့ပါဘူး။ အရာရာတိုင်းသာ ညီညွှတ်မျှတနေမယ်ဆိုရင် အခုပွဲစဉ်ကို ကျွန်တော်တို့အသင်း အနိုင်ရရှိသွားပါလိမ့်မယ်။ အရာရာတိုင်းက ညီညွှတ်မျှတမှု မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း နယူးကာဆယ်ရဲ့ချေပဂိုးနဲ့ပတ်သက်လို့ ထင်မြင်ချက်ပေးဖို့ တောင်းဆိုလာမှုကို ပိုစတီကိုဂလူက “ မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ကျွန်တော့်ကို ဘာတွေပြောစေချင်သလဲဆိုတာ ကျွန်တော်သိထားလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တဲ့အရာကတော့ နောက်တစ်ကြိမ်၊ မျှမျှတတယှဉ်ပြိုင်ကစားရတဲ့အခါကျရင် အခုလိုပွဲစဉ်မျိုးကို ကျွန်တော်တို့အသင်း အနိုင်ရရှိပါလိမ့်မယ်။ ဒါက ရိုးရှင်းပါတယ်။ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ကျွန်တော့်ဆီ လာမမေးကြပါနဲ့။ ဒါနဲ့ပတ်သက်လို့ ထင်မြင်ချက်ပေးနိုင်သူမရှိဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့ထင်မြင်ချက် ဘာဖြစ်မလဲဆိုတာလည်း ကျွန်တော်သိပါတယ်။ ပြောခဲ့သလိုပါပဲ၊ နောက်တစ်ကြိမ်၊ မျှမျှတတယှဉ်ပြိုင်ကစားရတဲ့အခါ အခုလိုပွဲစဉ်မျိုးကို ကျွန်တော်တို့အသင်း အနိုင်ရရှိပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အခုလိုရှုံးပွဲဆက်နေတဲ့ တော့တင်ဟမ်က လာမယ့်ကြားရက်၊ အိမ်ကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ကို အာရုံစိုက်သွားပါလိမ့်မယ်။