 
                                                                        ကမ္ဘာ့ပထမဆုံးမိုးပျံဘောလုံးကွင်းရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာအချက်အလက်တွေ တရားဝင်ထွက်ရှိလာ
ဆော်ဒီအာရေဗျနိုင်ငံက ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် အတည်ပြုခန့်အပ်ခံရပြီးနောက် ကမ္ဘာ့အခမ်းနားဆုံးဘောလုံးပြိုင်ပွဲကြီးအတွက် အကြီးမားဆုံးပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။ ဖြစ်ပေါ်လာမယ့်အထင်ရှားဆုံးတိုးတက်မှုတွေအနက် တစ်ခုကတော့ ဆော်ဒီအစိုးရကိုယ်တိုင် ‘ကမ္ဘာ့ပထမဆုံးမိုးပျံအားကစားကွင်း’လို့ သတ်မှတ်ထားတဲ့ NEOM အားကစားကွင်း တည်ဆောက်မှု ဖြစ်ပါတယ်။ NEOM အားကစားကွင်းကို မြေမျက်နှာပြင်အထက် မီတာ ၃၅၀ (ပေ ၁၁၅၀)မှာ တည်ဆောက်သွားဖို့နဲ့ စုစုပေါင်းအမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်ထားပါတယ်။
NEOM အားကစားကွင်းတည်ဆောက်မှုကို ၂၀၂၇ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပြီး ၂၀၃၂ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးဖို့ ရည်မှန်းထားတယ်လို့ ဆော်ဒီအာရေဗျကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်တင်ဒါခေါ်ယူမှုမှာ ဖော်ပြထားပါတယ်။ ဒီအားကစားကွင်းက ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်၊ ၃၂ သင်းအဆင့်ပွဲစဉ်၊ ၁၆ သင်းအဆင့်ပွဲစဉ်နဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို လက်ခံကျင်းပသွားပါလိမ့်မယ်။
တရားဝင်တင်ဒါခေါ်ယူမှုအရ ပရိသတ်ဦးရေ ၄၆,၀၀၀ အထိ ဝင်ဆံ့နိုင်မယ့် အားကစားကွင်းကို နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်မှထုတ်လုပ်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အဓိကအသုံးပြုကာ လည်ပတ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးကဏ္ဍတစ်ခေတ်ဆန်းစေခဲ့တဲ့ အစိမ်းရောင်တော်လှန်ရေးကာလအတွင်း အသုံးပြုခဲ့သော စိုက်ပျိုးရေးသွင်းအားစုနဲ့ နည်းပညာတွေကို အသုံးချကာ NEOM အားကစားကွင်းကို တည်ဆောက်သွားဖို့ စီစဉ်ထားပြီး ခေတ်မီဓါတ်အားပေးစနစ်၊ လေအေးပေးစနစ်တို့ကို တပ်ဆင်သွားမယ်လို့လည်း သိရပါတယ်။
ဒီစီမံကိန်းပြီးစီးသွားပါက NEOM အားကစားကွင်းကို ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် သာမက NEOM ဒေသခံပရော်ဖက်ရှင်နယ်ဘောလုံးကလပ်အသင်းတစ်ခုရဲ့ အိမ်ကွင်းအဖြစ်ပါ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် တစ်နှစ်ပတ်လုံးအကြားအလပ်မရှိ လည်ပတ်နိုင်ရန် အခြားအားကစားနည်းတွေနဲ့ ဖျော်ဖြေရေးကဏ္ဍတွေအတွက် ဘက်စုံအသုံးပြုနိုင်မယ့် အားကစားကွင်းတစ်ခုအဖြစ် တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                