The network connection is lost.

Banner Image

မက်ဂွါရီကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်နေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြန်လည်ပြုလုပ်နေတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။

အင်္ဂလန်လက်ရွေးစင်‌ကစားသမားဟာ ယခုနွေရာသီမှာ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ရဲ့ ထိပ်တန်းပစ်မှတ်တွေထဲမှ ဦးစားပေးကစားသမားဖြစ်ခဲ့သော်လည်း အပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မကြာသေးမီက ဝက်စ်ဟမ်းအသင်းဟာ မက်ဂွါရီကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူရန် ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သော်လည်း ကစားသမားက ပြောင်းရွှေ့ရန်ကြန့်ကြာနေတာကြောင့် စောင့်ဆိုင်းရန်ငြီးငွေ့လာပြီး အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

Mail sports ရဲ့အဆိုအရယူနိုက်တက်အနေနဲ့ ကစားသမားကို ပြောင်းရွှေ့ရန်ခွင့်မပြုမီ အစားထိုးကစားသမားခေါ်ယူရန် မျှော်လင့်နေခဲ့ပေမယ့် မက်ဂွါရီရဲ့အပြောင်းအရွှေ့ဟာရပ်တန့်သွားခဲ့တာကြောင့် ကစားသမားသစ် ထပ်မံခေါ်ယူဖို့ အခက်ကြုံနေရတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ The Sun ရဲ့အဆိုအရ ဝက်စ်ဟမ်းအသင်းဟာ နောက်ခံလူကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့ကို အလျင်အမြန်အဆုံးသတ်ပြီး နွေရာသီဈေးကွက်ကာလမကုန်ဆုံးခင် ကစားသမားသစ် ထပ်မံဝယ်ယူဖို့ကြိုးစားသွားရတော့မှာ ဖြစ်ပါတယ်။

သတင်းတွေအရ မက်ဂွါရီဟာ ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် ယူနိုက်တက်ထံ ကြီးမားတဲ့ ပေးချေမှုတစ်ရပ်ကို ‌တောင်းဆိုခဲ့တာကြောင့် ဝက်စ်ဟမ်းသို့ပြောင်းရွှေ့ရန် ကြန့်ကြာနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ မက်ဂွါရီရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းမှ ပေါင် ၇ သောင်းထိ လျှော့ချပေးချေမှာဖြစ်တာကြောင့် ကစားသမားဟာ ယူနိုက်တက်မှထွက်ခွာဖို့ တုံ့ဆိုင်းနေတာဖြစ်ပါတယ်။

သို့သော်လည်း အဲရစ်တန်ဟက်ရဲ့အသင်းကတော့ နွေရာသီအပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် ကစားသမားသစ် ထပ်မံခေါ်ယူလိုနေပြီး မက်ဂွါရီကို အလျင်အမြန်ရောင်းချနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလဟာ လာမယ့်သောကြာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အသင်းရဲ့နောက်ခံလူကို အချိန်မှီရောင်းချပြီး ကစားသမားသစ်တွေထပ်မံခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။