The network connection is lost.

Banner Image

အင်္ဂလန်ဒါဘီသရေရလဒ်ထွက်ပေါ်မှုမှာ လီဗာပူးအသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်မှုမှာ သူတို့အသင်း ကံကောင်းခဲ့ပြီး မက်ဂွါရီသာ နောက်ဆုံးမိနစ်အခွင့်အရေးကို အသုံးချနိုင်မယ်ဆိုရင် အရာရာတိုင်း  အခုထက် ပိုမိုဆိုးရွားသွားနိုင်တယ်လို့ အတိအလင်းဝန်ခံခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ အသင်းဖော်ဇစ်ဇီးရဲ့ဖန်တီးပေးမှုမှတဆင့် အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွါရီက လီဗာပူးခံစစ်ဇုန်အတွင်း လွတ်လွတ်ကျွတ်ကျွတ်အပိုင်ကန်သွင်းရာ ဂိုးပေါက်မတည့်ခဲ့လို့ သွင်းဂိုးတော့ မဖြစ်လာခဲ့ပါဘူး။ ဗန်ဒိုက်ကတော့ အင်္ဂလန်ဒါဘီသရေရလဒ်နဲ့အတူ တစ်မှတ်ရရှိခဲ့လို့ ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။ ကြိုးကြာနီခံစစ်မှူးက “ကိုယ့်ကိုကိုယ် ရိုးသားမှုအပြည့်မကွယ်မဝှက်ပြောရမယ်ဆိုရင် ဒီကန်ချက်သာ ဂိုးဝင်သွားလို့ကတော့ အရာရာတိုင်း အခုထက်ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။

ကျွန်တော်တို့ကို အခုရှိနေတာထက် ပိုပြီးဆိုးရွားသွားစေနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုကို ယူနိုက်တက်အသင်း ပွဲချိန်ပြီးဆုံးခါနီးမှာ ရရှိခဲ့ပါတယ်။ အိမ်ကွင်းမှာ အမှတ်တွေလက်လွှတ်ခဲ့ရလို့ စိတ်ပျက်မိပေမယ့် ဖြစ်ပြီးတာတွေလည်း ပြီးသွားပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်နိုင်ဖို့ လိုအပ်ပြီး ရှေ့ဆက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။

ကျွန်တော်တို့ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားချိန်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ပွဲကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့တွေ ဘောလုံးဆုံးရှုံးပြီး ခံစစ်ပိုင်းက ရှိသင့်ရှိထိုက်တာထက် ပိုပွင့်သွားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပြီးပြည့်စုံမှုမရှိခဲ့ပါဘူး။ သင်ယူနေဆဲကာလဖြစ်လို့ ဒီရလဒ်ပိုင်းမှတဆင့် သင်ခန်းစာကောင်းကောင်းယူသွားရပါမယ်”လို့ ပြောပါတယ်။

လီဗာပူးအနေဖြင့် အခုအိမ်ကွင်းပွဲစဉ်မှာ အရှုံးရလဒ်နဲ့ကြုံတွေ့သွားနိုင်တယ်ဆိုတဲ့ အမြင်ကို သဘောတူခဲ့တဲ့ အန်းစလော့က “ကျွန်တော်တို့ရရှိခဲ့တဲ့အခွင့်အရေးကောင်းတွေကို လူတွေ မေ့သွားကြပါပြီ။ ယူနိုက်တက်လည်း ဟယ်ရီမက်ဂွါရီဆီမှ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ  ယူနိုက်တက်ထက် အခွင့်အရေးများစွာ ပိုမိုရရှိခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း မက်ဂွါရီရဲ့ကန်ချက်သာ ဂိုးဝင်သွားမယ်ဆိုရင် ကျွန်တော်တို့တွေ သေချာပေါက် အရှုံးရလဒ်နဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။

ကျွန်တော်တို့တွေ ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး အခွင့်အရေးကောင်းသုံးကြိမ်လည်း ရရှိခဲ့ပါတယ်။ ဒီနောက်မှာ ကျွန်တော်တို့အတွက် ပိုမိုခက်ခဲစေနိုင်တဲ့ အခိုက်အတန့်တစ်ခု ရှိလာခဲ့ပါတယ်။ ဟွိုက်စ်လန်း၊ အာမက်တို့လို တိုက်စစ်မှူးတွေနဲ့အတူ ခံစစ်ပိတ်ဆို့ကစားနိုင်စွမ်းရှိတဲ့ အရည်အသွေးမြင့်ကစားသမားတွေ ရှိမယ်ဆိုရင် ပြိုင်ဘက်ကို အခက်တွေ့စေပါလိမ့်မယ်။

နေရာလွတ်တွေရှာဖွေဖို့ဆိုတာလည်း အမြဲတမ်းမလွယ်ကူခဲ့ပါဘူး။ အဲ့ဒီအတိုင်းပဲ ဖြစ်ပျက်သွားခဲ့တာပါ။ ဒီနောက်မှာ ဦးဆောင်ဂိုးပါပေးလိုက်ရလို့ ပိုပြီးအခက်တွေ့လာခဲ့ပါတယ်။ ဒါပေမယ့် ၂-၁ ဂိုးဆိုတဲ့ အခြေအနေအထိ ပြန်သွားနိုင်တဲ့ စိတ်ဓါတ်ပိုင်းကို ပြသနိုင်မှုနဲ့အတူ ကျွန်တော် အလွန်ပျော်ရွှင်ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။