
ဒဏ်ရာပြဿနာကြောင့် ဆွီဒင်လက်ရွေးစင်အသင်းမှ ဂျိုကာရက်စ်နုတ်ထွက်
စပို့တင်းလစ္စဘွန်းကြယ်ပွင့် ဗစ်တာဂျိုကာရက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် ဟန်ဂေရီ၊ အယ်လ်ဂျီးရီးယားတို့နဲ့ခြေစမ်းသွားမယ့် ဆွီဒင်လက်ရွေးစင်အသင်းရဲ့လူစာရင်းမှ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂျိုကာရက်စ်ရဲ့ဒဏ်ရာဟာ အသေးစားဒဏ်ရာဖြစ်ပေမယ့် ဆေးကုသမှုခံယူဖို့လိုအပ်နေတာကြောင့် ကစားသမားကို ထုတ်ပယ်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ ဂျိုကာရက်စ်ဟာ ဆွီဒင်သို့ရောက်ရှိပြီးကာမှ လက်ရွေးစင်ဆေးအဖွဲ့နဲ့တွေ့ဆုံပြီး ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ ပြန်လည်အထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဂျိုကာရက်စ်ဟာ စပို့တင်းလစ္စဘွန်းအတွက် အထူးခြေစွမ်းပြသကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၈ ဂိုးသွင်းယူကာ ပေါ်တူဂီအမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆွီဒင်ကြယ်ပွင့်ဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အထူးချွန်ဆုံးတိုက်စစ်မှူးစာရင်းထဲမှာပါဝင်နေပြီး အာဆင်နယ်အပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့ချိတ်ဆက်ခြင်းကိုလည်း ခံနေရပါတယ်။
ဆွီဒင်အသင်းဟာ ဇွန်လ ၆ ရက်နေ့မှာ ဟန်ဂေရီကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ပြီး ၁၀ ရက်နေ့မှာတော့ အယ်လ်ဂျီးရီးယားကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရပါမယ်။