The network connection is lost.

Banner Image

မက်ဆီနဲ့ အာဂျင်တီးနားကို သတိပေးလိုက်တဲ့ ဗင်နီဇွဲလားနည်းပြ

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားမှာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကစားရတော့မှာ ဖြစ်ပေမယ့် လာရောက်ယှဉ်ပြိုင်မယ့် ဗင်နီဇွဲလားအသင်းကတော့ လွယ်လွယ်အရှုံးပေးမှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

မက်ဆီဟာ နိုင်ငံတကာပွဲစဉ်တွေအတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ မက်ဆီဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် ဘယ်အချိန်မှာ ဘောလုံးသမားဘဝကနေ အနားယူမယ်ဆိုတာကို အခုထိ အတည်ပြု နိုင်ခြင်း မရှိသေးပေမယ့် အာဂျင်တီးနားရဲ့ နောက်အိမ်ကွင်းပွဲစဉ်ဟာ သူ့ရဲ့ နောက်ဆုံးအိမ်ကွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်လိမ့်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ ဘရူနိုအေးရိစ်မြို့မှာ ကစားရမှာဖြစ်ပြီး မက်ဆီကလည်း ‘ဒါက ကျွန်တော့်အတွက် အရမ်းကို အထူးခြားဆုံးပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါက နောက်ဆုံးခြေစစ်ပွဲဖြစ်နေလို့ပါ။ ဗင်နီဇွဲလားပွဲစဉ်အပြီး ခြေစမ်းပွဲတွေ ဒါမှမဟုတ် တခြားပွဲတွေ ရှိသေးလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဒါက အရမ်းကို အထူးခြားဆုံးပွဲဖြစ်တဲ့အတွက် ကျွန်တော့်မိသားစု၊ ဇနီး၊ ကလေးတွေ၊ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေလည်း ကျွန်တော့်နဲ့အတူ ရှိနေမှာပါ’ လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားနည်းပြ ဖာနန်ဒို ဘာတစ်စတာကလည်း ဒီပွဲရဲ့အရေးပါပုံကို နားလည်သဘောပေါက်ထားသူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ မျှော်လင့်ချက်ကို မြှင့်တင်ဖို့အတွက် ၃ မှတ်အပြည့်ရအောင် ရယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

‘ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရပါမယ်။ လီယိုရဲ့ အာဂျင်တီးနားအိမ်ကွင်းမှာ နောက်ဆုံးခြေစစ်ပွဲ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အပြင် တစ်ယောက်က ထွက်သွားပြီး နောက်တစ်ယောက် ရောက်လာတဲ့အခါမှာ အသင်းဖွဲ့စည်းပုံ အလုပ်လုပ်အောင် လုပ်နိုင်တဲ့နည်းပြ လီယွန်နယ် စကာလိုနီ ရဲ့ ခွန်အားကို ကျွန်တော်တို့ မြင်နေရပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ပြိုင်ဘက်ရဲ့ဂိုးသွင်းနိုင်တဲ့ ပုံစံကို တွေးနေဖို့ပါပဲ။ ကာကွယ်ဖို့ ကြိုးစားရင် ရေရှည်မှာ ဆိုးရွားသွားနိုင်ပါတယ်။ မက်ဆီကို ဘယ်လို တန်ပြန်ရမယ်ဆိုတာကို ဘယ်နည်းပြတွေ စီစဉ်ထားတယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ မက်စီပါလူဇာပွဲကို ဖျက်ဆီးဖို့ ကျွန်တော် ဒီကို ရောက်လာတာပါ။ ဖြစ်နိုင်ခြေရှိတာကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခြေစစ်ပွဲ ဒါမှမဟုတ် ပလေးအော့ဖ်အဆင့်အတွက် ကစားရမှာပါ’ လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဗင်နီဇွဲလားအသင်းဟာ ၁၈ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ဘာတစ်စတာရဲ့အသင်းဟာ ၂ ပွဲ ကစားဖို့ ကျန်ရှိနေပြီး အဆင့် ၆ နေရာက ကိုလံဘီယာအသင်းကိုမှီဖို့ ၄ မှတ်အထိ လိုအပ်နေပါတယ်။ ထိပ်ဆုံး ၆ သင်းကတော့ ခြေစစ်ပွဲအောင်မှာဖြစ်ပြီး အဆင့် ၇ မှာ ရပ်တည်တဲ့အသင်းကတော့ ပလေးအော့ဖ်ပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ပြီးသား ဖြစ်ပါတယ်။

မက်ဆီနဲ့ အာဂျင်တီးနားအသင်းတို့ဟာ ဗင်နီဇွဲလားအသင်းနဲ့ ကြာသပတေးနေ့မှာ အက်စ်တာဒီယို မိုနူမန်တယ်ကွင်းမှာ ကစားရမှာဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့မှာတော့ နိုင်ငံတကာပွဲစဉ်ရဲ့ ဒုတိယပွဲစဉ်အဖြစ် အီကွေဒေါနှင့် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။