လီဗာပူးအသင်းပုံစံကောင်းရရှိနေခြင်းနောက်ကွယ်မှ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ ဗန်ဒိုက်
အန်းစလော့လက်အောက် တစ်ပွဲလျော့ကစား၊ လေးမှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်မှုနဲ့အတူ အခုဘောလုံးရာသီ၊ လီဗာပူးအသင်းရဲ့စွမ်းဆောင်ရည်ကောင်းတွေက သူ့ကို မအံ့သြမိစေဘူးလို့ ဗန်ဒိုက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တော့တင်ဟမ်ကို ၆-၃ ဂိုးဖြင့် အနိုင်ယူပြီးနောက် အန်းစလော့လက်အောက် ဘောလုံးရာသီသစ်ကို အကောင်းဆုံးစတင်နိုင်မှုအပေါ် ကစားသမားတွေ အံ့အားသင့်နေခြင်းရှိ၊မရှိနဲ့ ပတ်သက်လို့ လီဗာပူးကပ္ပတိန်က “ မရှိပါဘူး။ကျွန်တော်တို့အသင်းရဲ့လူစာရင်းဆီ ကစားသမားသစ်ဖြစ်တဲ့ ချီယေဆာတစ်ဦးတည်းပဲ ပေါင်းထည့်ထားတာပါ။ ဒီအသင်းရဲ့ကစားသမားတွေက ကာလအတန်ကြာ အတူတွဲဖက်ကစားခဲ့ဖူးပါတယ်။
ဒါကြောင့်ပဲ အတွေ့အကြုံနဲ့ အရည်အသွေးတွေက ဒီနေရာမှာ ရှိနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအချက်တွေကို နေ့စဉ်နေ့တိုင်း မြင်တွေ့နေရပါတယ်။ ယာဂန်ကလော့ပ်နေရာမှာ နည်းပြသစ်တစ်ဦး အစားထိုးလိုက်မှုနဲ့အတူ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ခဲ့လို့ အံ့အားသင့်စရာတစ်ခုတော့ ရှိခဲ့ဖူးပါတယ်။ မေးခွန်းထုတ်မှုတွေလည်း အမြဲတမ်းရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်ရဲ့အသင်းဟာ ပရီးမီယားလိဂ်ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ချက်ရှိနေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးအသင်းက အခုခရစ္စမတ်ကာလကို အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ဖြတ်သန်းသွားဖို့ရှိပေမယ့် ဗန်ဒိုက်ကတော့ ဒီလိုကိစ္စတွေဟာ ဘာအကျိုးရလဒ်ကိုမှ မဖန်တီးပေးနိုင်ဘူးလို့ အထူးပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ ၃၂ ရာသီအနက် ၁၆ ရာသီမှာ ခရစ္စမတ်ကာလ အမှတ်ပေးဇယားထိပ်ဆုံးရှိ ကလပ်အသင်းတွေဟာ ရာသီကုန်အမှတ်ပေးချန်ပီယံဖြစ်လာတဲ့ မှတ်တမ်းတစ်ရပ်လည်း ရှိနေပါတယ်။
ဗန်ဒိုက်က “ ကျွန်တော်တို့တွေ ဒီနေရာဆီ ရောက်ရှိခဲ့ဖူးသလို အောင်မြင်မှုရရှိအောင်လည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် မန်စီးတီးကိုလည်း နှစ်ကြိမ်တိုင်တိုင် ကပ်ပြီးရှုံးနိမ့်ခဲ့ဖူးပါတယ်။ အဓိကအချက်ကတော့ တစ်ပွဲချင်းစီ ကျော်ဖြတ်သွားဖို့ပါပဲ။ တော့တင်ဟမ်ကို အနိုင်ရရှိလိုက်တဲ့ပွဲစဉ်ကတော့ ကြီးမားတဲ့အောင်ပွဲတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ အနိုင်ရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လက်စတာနဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်သွားရပါမယ်။ ဒါပြီးရင် နောက်ထပ်နောက်ထပ်ပွဲစဉ်တွေကိုပေါ့။ ခရစ္စမတ်ကာလ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေရခြင်းက ကျွန်တော်တို့နဲ့ လီဗာပူးအသင်းပရိသတ်တွေအတွက် ပျော်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ လာမယ့်မေလအထိ ဒီနေရာမှာပဲ ဆက်ရှိသွားချင်ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးက ပြိုင်ပွဲလေးရပ်လုံးမှာ ဆက်လက်ရှိနေမှုနဲ့အတူ ဆုဖလားလေးလုံးအောင်ပွဲနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို ဗန်ဒိုက်က “ မေလမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မတွေးထားပါဘူး။ မေလကျရင်လည်း ကျွန်တော်တို့တွေ ဒီနေရာမှာပဲ ဆက်ရှိချင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုလုပ်နိုင်ဖို့ ဘယ်လောက်အထိခက်ခဲမလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ အတွေ့အကြုံရှိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။