The network connection is lost.

Banner Image

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် နယ်သာလန်ရဲ့လူစာရင်းမှာ ပါဝင်လာတဲ့ ယူနိုက်တက်ပစ်မှတ် ဇာကီ

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဂျိုရှူးဝါးဇာကီဟာ နယ်သာလန်ရဲ့ဒဏ်ရာအကြပ်အတည်းကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ 
 
နယ်သာလန်ဟာ ပြင်းထန်တဲ့ဒဏ်ရာပြဿနာတွေကြောင့် လာမယ့်ယူရိုပြိုင်ပွဲမှာ အသင်းရဲ့အဓိက ကစားသမား အများအပြားကို ထည့်သွင်းနိုင်ဖို့မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အထူးသဖြင့် ဘာစီလိုနာရဲ့အဓိက ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည် သက်သာခြင်းမရှိသေးတာကြောင့် အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။
 
ဒီဂျောင်ရဲ့ နုတ်ထွက်မှုကို တနင်္လာနေ့မှာကြေညာခဲ့ပြီးနောက်မှာတော့ နယ်သာလန်ဟာ အတ္တလန္တာကွင်းလယ်လူ ကူမိုင်နာစ် ကိုလည်း ဒဏ်ရာကြောင့် အသင်းကနေ ထုတ်ပယ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ကူမိုင်နာစ်ဟာ တနင်္လာနေ့က အိုက်စလန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအကြိုခြေစမ်းပွဲစဉ်မှာ နယ်သာလန်အတွက် ပွဲထွက်ယှဉ်ပြိုင်ရင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
 
ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ပြိုင်ပွဲမှာ ခြေစွမ်းထိန်းသိမ်းနိုင်ဖို့အတွက် နည်းပြချုပ် ရော်နယ်ကိုးမန်းဟာ ကစားသမားသစ်တွေကို အလျင်အမြန်ရွေးချယ်လာခဲ့ပါတယ်။ နည်းပြဟာ ဒီဂျောင်နေရာမှာအစားထိုးဖို့အတွက် မက်ဆင်းကို အင်္ဂါနေ့က ဆင့်ခေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာကီကိုပါ ထပ်မံရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဇာကီဟာ လူငယ်ကစားသမားဘဝကို ဖီယင်နုနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ဖြတ်သန်းခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာပဲ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် စတင်ပွဲထွက်ခွင့်ရခဲ့ကာ ၂၀၂၂ ခုနှစ်မှာတော့ အီတလီကလပ် ဘိုလော့ဂ်နာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ဇာကီဟာ ဘိုလော့ဂ်နာအတွက် ၃၇ ပွဲပါဝင်ကစားကာ ၁၂ ဂိုးအထိ သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းထက်မြက်တဲ့ ကစားသမားကို အေစီမီလန်နဲ့ ယူနိုက်တက်တို့က အပြိုင်အဆိုင်စိတ်ဝင်စားနေကြပြီး တန်ဟက်ရဲ့အသင်းဟာ ကစားသမားကို ယူရို သန်း ၄၀ နဲ့ခေါ်ယူဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
 
ကလပ်ကစားသမားဘဝမှာ အောင်မြင်မှုရထားပေမယ့် ဇာကီဟာ နယ်သာလန်လက်ရွေးစင် အသင်းမှာတော့ တစ်ကြိမ်မှပါဝင်ခွင့်မရသေးပါဘူး။ သို့သော်လည်း ယခုလို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆင့်ခေါ်ခံခဲ့ရခြင်းက ကစားသမားအတွက် လက်ရွေးစင်ကစားသမားဘဝမှာပါ အောင်မြင်မှုရဖို့ တွန်းပို့သလိုဖြစ်လာနိုင်ပါတယ်။ နယ်သာလန်အသင်းဟာ အုပ်စုအဆင့်မှာ ပိုလန်၊ ဩစတြီးယား၊ ပြင်သစ်တို့နဲ့ ကျရောက်နေတာကြောင့် နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ စိန်ခေါ်မှု အနည်းငယ်ရှိနေပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ နယ်သာလန်ဟာ အုပ်စုအဆင့်ရဲ့အဖွင့်ပွဲစဉ်အဖြစ် ပိုလန်နဲ့ကစားသွားမှာ ဖြစ်ပါတယ်။