The network connection is lost.

Banner Image

အင်္ဂလန်အသင်း ဖလားရနိုင်တယ်လို့ ယုံကြည်နေတဲ့ နည်းပြ သောမတ်စ် တူချယ်လ်

အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ အသက် ၂၁ နှစ်အောက်လူငယ်အသင်းတို့ရဲ့ အောင်မြင်မှုတွေကို အင်္ဂလန်အသင်းက လိုက်လုပ်နိုင်ပြီး ဖလားတစ်လုံး ရယူနိုင်လိမ့်မယ်လို့ အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်လ်က ယုံကြည်နေပါတယ်။

ဒီနွေရာသီမှာ အင်္ဂလန် ယူ-၂၁ အသင်းဟာ ဥရောပချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး ဆရီနာ ဝစ်ဂ်မန်းရဲ့အမျိုးသမီးအသင်းကလည်း ယူရိုဖလားကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းကပဲ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဖလားကြီးတစ်ခုမှ ရယူထားနိုင်ခြင်း မရှိသေးတဲ့ တစ်ခုတည်းသော အသင်းဖြစ်နေခဲ့ပါတယ်။ ယူ-၁၇ နဲ့ ယူ-၂၀ အသင်းတွေကတော့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ကြပါတယ်။

‘ကျိန်စာရယ်လို့တော့ မရှိပါဘူး။ ဒါဟာ ကောင်းတဲ့ အရိပ်အယောင်တစ်ခု ဖြစ်ပါတယ်။ ဆရီနာ ဝစ်ဂ်မန်း နဲ့ လီကာစ်လေ တို့အတွက်လည်း ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ နှစ်ကြိမ်ဆက်တိုက် အောင်မြင်မှု ရယူနိုင်ခဲ့လို့ပါ။ အင်္ဂလန်အသင်း ဖလားရဖို့ ဖြစ်နိုင်ပါတယ်။ ကျိန်စာဆိုတာ မရှိပါဘူး။ ကောင်းတဲ့ အရိပ်အယောင်တစ်ခုပါပဲ။ သူတို့ရဲ့ပုံစံကို လိုက်လုပ်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ’လို့ တူချယ်လ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အမျိုးသားအသင်းဟာ နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်လက်အောက်မှာ ပြီးခဲ့တဲ့ ဥရောပဖလားဗိုလ်လုပွဲ ၂ ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ တူချယ်လ်ကတော့ အမျိုးသမီးအသင်းနဲ့ ယူ-၂၁ အသင်းတို့ရဲ့အောင်မြင်မှုကနေ အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ စိတ်ဓာတ်ခွန်အားတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဖလားတွေရရှိခဲ့တာကလည်း သူ့ရဲ့အသင်းအပေါ် ဖိအားပိုများလာစေတယ်လို့ မထင်ပါဘူး။

စနေနေ့မှာ အန်ဒိုရာကို အိမ်ရှင်အဖြစ် လက်ခံကစားပြီး အင်္ဂါနေ့မှာ ဆားဘီးယားသို့ သွားရောက်ယှဉ်ပြိုင်တဲ့အခါ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အနိုင်ရတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားသွားပါလိမ့်မယ်။ ဆောက်ဂိတ်ရဲ့နေရာကို ဆက်ခံခဲ့တဲ့ တူချယ်လ်ဟာ ပွဲဦးထွက်မှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဒီပွဲစဉ်တွေနဲ့ပတ်သက်လို့တော့ စိတ်အားထက်သန်နေပါတယ်။