နယူးကာဆယ်ကိုခွင့်ပြုခဲ့ရတဲ့ ဦးဆောင်ဂိုးမှာ ကွင်းလယ်ဒိုင်ရဲ့အမှားကြောင့်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုလာတဲ့ ဖရန့်ခ်
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ နယူးကာဆယ်ကို ၂-၀ နဲ့အရေးနိမ့်ပြီးနောက် ပွဲအပြီးမှာ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က နယူးကာဆယ်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးဟာ ကွင်းလယ်ဒိုင် ခရစ်ခဗာနက်ဂ်ရဲ့ အမှားကြောင့်ဖြစ်တယ်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။ နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တာကြောင့် တော့တင်ဟမ်ဟာ ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို၊ ဒီရာသီပြိုင်ပွဲစုံ အဝေးကွင်းရှုံးပွဲမရှိမှတ်တမ်းလည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အတွက်ဦးဆောင်ဂိုးကိုတော့ နောက်ခံလူ ဖာဘီယန်ရှားက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းယူပြီးနောက်မှာ တော့တင်ဟမ်ကစားသမားတွေက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ကြသလို၊ နည်းပြဖရန့်ခ်ကလည်း စတုတ္ထဒိုင်ကို စောဒကတက်ခဲ့ပါတယ်။
အဆိုပါသွင်းဂိုးမတိုင်မီမှာ တော့တင်ဟမ်နောက်ခံလူ ဒီဂျက်စပန့်စ်ဟာ ဖိနပ်ကျွတ်နေတာကြောင့် ပြန်ဝတ်နေခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က စပန့်စ်ကိုဂရုမစိုက်ဘဲ နယူးကာဆယ်ကို ထောင့်ကန်ဘောကန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လူကပ်ကစားခံထားရခြင်းမရှိတဲ့ ရှားက လွတ်လွတ်လပ်လပ်ခေါင်းတိုက်ခွင့်ရခဲ့ပြီး နယူးကာဆယ်အတွက်ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဖရန့်ခ်က စပန့်စ်ကို ဖိနပ်ဝတ်ခွင့်မပေးဘဲ ပွဲကိုဆက်ကစားစေခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဝေဖန်လာခဲ့တာဖြစ်ပြီး အမှားလုပ်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဖရန့်ခ်က "ကျွန်တော်တို့ဒီပွဲမှာ အမှား ၂ ခုကြောင့် ၂ ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။ ကံမကောင်းစွာဘဲ ပထမဂိုးမှာတော့ ကွင်းလယ်ဒိုင်ရဲ့အမှားလည်း ပါဝင်နေပါတယ်"
"ပထမဂိုးမတိုင်မီမှာ စပန့်စ်က ဖိနပ်ကျွတ်နေခဲ့ပါတယ်။ သူ့ကိုဖိနပ်ပြန်ဝတ်ပြီး ကြိုးချည်ဖို့အတွက်အချိန်ပေးရပါမယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ပွဲကိုဆက်ကစားစေခဲ့ပြီး နယူးကာဆယ်အတွက်အခွင့်အရေးရစေခဲ့ပါတယ်။ ပွဲကို နှောင့်နှေးစေမယ့်အခိုက်အတန့်မျိုးမဟုတ်ဘဲ ပွဲကစားချိန် ၂၃ မိနစ်မှာ ဒီလိုဖြစ်ခဲ့တာပါ။ ခေါင်းတိုက်ပြီးဂိုးသွင်းခဲ့တဲ့ ရှားကိုလူကပ်ကစားရမှာက စပန့်စ်ရဲ့တာဝန်ပါ။ ကွင်းလယ်ဒိုင်ရဲ့ကြီးမားတဲ့အမှားကြောင့် ကျွန်တော်တို့ တစ်ဂိုးပေးလိုက်ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်တိုက်စစ်မှူး နစ်ခ်ဗော့တမာဒါသွင်းယူခဲ့တဲ့ဒုတိယဂိုးကတော့ တော့တင်ဟမ်ရဲ့အမှားကြောင့်သာဖြစ်တယ်လို့ ဖရန့်ခ်က ဝန်ခံခဲ့ပါတယ်။ ဒိန်းမတ်သားနည်းပြက "ဒုတိယဂိုးကတော့ ကျွန်တော်တို့ရဲ့အမှားကြောင့်ပဲ ခွင့်ပြုခဲ့ရတာပါ။ ဒါကတော့ ကွင်းလယ်ဒိုင်နဲ့ဘာမှမဆိုင်ပါဘူး။ ဒီနေ့မှာ သေးငယ်တဲ့အချက်အလက်လေးတွေက ပွဲရဲ့ရလဒ်ကို အဆုံးအဖြတ်ပေးခဲ့တယ်လို့ပြောရမှာပါ" လို့ပြောကြားခဲ့ပါတယ်။