The network connection is lost.

ဗီလာမှာ လူပြောများလာဦးမယ့် ကော်တင်ဟိုတို့ ဇနီးမောင်နှံရဲ့ ချစ်ပုံပြင်

လီဗာပူးကနေ ဘာစီလိုနာကို ကွင်းလယ်လူ ကော်တင်ဟို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာခဲ့တာက ကမ္ဘာ့ဘောလုံးလောကကို သတိပြုမိစေခဲ့ပါတယ်။ ဒါပေမဲ့ ကော်တင်ဟိုနဲ့ ဇနီးသည် အိုင်းတို့ရဲ့ ချစ်ခရီးလမ်းကမှ နူးကမ့်ကွင်းရဲ့ တကယ့်ကိုဆွတ်ပျံ့ကြည်နူးစရာကောင်းတဲ့ ချစ်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ကော်တင်ဟို ဘယ်ရောက်ရောက် မခွဲအတူနေခဲ့တာဖြစ်ပြီး ဗာစကိုဒဂါးမားအသင်းကနေ အခုနောက်ဆုံး အက်စတွန်ဗီလာအထိ သူတို့ရဲ့ချစ်ပုံပြင်က ခမ်းနားထည်ဝါနေပါတယ်။ ပြောရရင် အက်စ်ပန်ညိုမှာ အငှားကစားသမားအဖြစ် ခဏသွားကစားခဲ့တဲ့အချိန်မှာတောင်မှ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အနေမဝေးခဲ့ပါဘူး။

၂၀၁၇ ခုနှစ်က ကော်တင်ဟိုရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီဟာ မွေးရပ်မြေ အာဂျင်တီးနားမှာ ငယ်ချစ်ဦး အန်တိုနယ်လာနဲ့ လက်ထပ်ခဲ့ပြီး အဲဒီမင်္ဂလာပွဲမှာ တိုက်စစ်မှူး ဆွာရက်ဇ်က နေစီယွန်နယ်မှာကစားခဲ့စဉ်ကတည်းက လက်တွဲလာခဲ့တဲ့ သူ့ရဲ့ဇနီးဖြစ်သူကို ပွဲထုတ်ပါတယ်။ အဲဒီနောက် တောင်အမေရိကဘောလုံးလောကရဲ့ ချစ်ဦးပုံပြင်ကလည်း ကော်တင်ဟိုနဲ့အတူ ဆက်လက်တည်မြဲခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ကော်တင်ဟိုနဲ့ အသက် ၂၈ နှစ်အရွယ်ရှိ အိုင်းတို့ဟာ ကော်တင်ဟို အသက် ၁၄ နှစ်အရွယ်မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ဘရာဇီးမြို့တော် ရီယိုဒီဂျနေးရိုးမှာ သူတို့နှစ်ယောက်ရဲ့ခြေရာတွေ အထပ်ထပ်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးနဲ့သိတဲ့ သူငယ်ချင်းတစ်ယောက်က သူတို့ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အဲဒီနောက် နှစ်ဦးသား နှလုံးသားချင်းနီးစပ်ကာ ကော်တင်ဟိုရဲ့ဖခင် ဟိုဆေး၊ မိခင် အက်စ်မီရယ်ဒါတို့နဲ့အတူ တစ်မိုးအောက်ထဲမှာ အတူတူနေထိုင်ခဲ့ကြပါတယ်။

ကော်တင်ဟိုဟာ ၂၀၀၈ မှာ အင်တာမီလန်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီနောက် ဗာစကိုဒဂါးမားအသင်းမှာ ၂ ရာသီကြာ ပြန်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ မှာ အင်တာမီလန်ကို ကော်တင်ဟို ပြန်ရောက်လာချိန်မှာတော့ အိုင်းလည်း စာသင်ကြားနေမှုကို အဆုံးသတ်ကာ ချစ်ရသူနဲ့အတူ ဥရောပကို လိုက်ပါလာခဲ့ပါတယ်။ ၂၀၁၃ မှာ လီဗာပူးကို ကော်တင်ဟို ရောက်လာတော့လည်း အိုင်းပါ အတူတူ ပြောင်းရွှေ့လာခဲ့ပြီး ချစ်ရသူက ဘာစီလိုနာမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် အိုင်းကတော့ ကော်တင်ဟို ကစားတဲ့ပွဲတိုင်း ပွဲကြည့်စင်ကနေ အားပေးတတ်ပြီး သူ့ရဲ့လူမှုမီဒီယာတွေမှာလည်း ဓာတ်ပုံတွေ တင်လေ့ရှိပါတယ်။ သူတို့နှစ်ယောက်မှာ ချစ်စရာကလေး ၃ ဦးလည်း ပိုင်ဆိုင်ထားပြီး သမီးနှစ်ယောက်ဖြစ်တဲ့ မာရီယာနဲ့ အက်စ်မာရယ်ဒါဂျူနီယာ၊ သားလေး ကော်တင်ဟိုဂျူနီယာတို့ဖြစ်ပါတယ်။

''အိုင်းက ကျွန်တော်လုပ်တဲ့အရာတိုင်းမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အမြဲပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ အတူတူစာသင်ကြားခွင့်မရခဲ့ကြဘူး။ တစ်ယောက်ကလွဲလို့ နှစ်ဦးစလုံးနဲ့ ခင်တဲ့သူငယ်ချင်းလည်း အများကြီး မရှိခဲ့ပါဘူး။ အဲဒီသူငယ်ချင်းရဲ့မိတ်ဆက်ပေးမှုနဲ့ ကျွန်တော်တို့နှစ်ယောက် စတွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီပါတီမှာ စကားတွေအများကြီးထိုင်ပြောဖြစ်ခဲ့ပါတယ်။ အိုင်းက သူ့ရဲ့ ကောင်လေး လုပ်ပေးနိုင်မလားလို့ ပြောပါတယ်။ အဲဒီမှာ ကျွန်တော်တို့နှစ်ယောက် လက်တွဲဖြစ်သွားတာပါ။ အိမ်ချင်းကလည်း သိပ်မဝေးလို့ အမြဲတမ်းနီးပါး တွေ့မြင်ခဲ့ပြီး ခရီးတွေလည်း အတူတူထွက်ခဲ့ပြီးနောက် သံယောဇဉ်နှောင်ကြိုးတွေက ပိုခိုင်မာလာပါတယ်''လို့ ကော်တင်ဟိုက ပြောခဲ့ပါတယ်။