
မိုနာကိုနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်တဲ့ ပေါ့ဂ်ဘာ
တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးကစားခွင့်မှ ကာလရှည်ပိတ်ပင်ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ပေါလ်ပေါ့ဂ်ဘာဟာ ယခုအခါမှာတော့ ပြင်သစ်လီဂူးကလပ် မိုနာကိုနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုပြီး ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
အသက်-၃၂ နှစ်အရွယ် ပြင်သစ်သားဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအစမှာပဲ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဘောလုံးကစားခြင်းမှ ၄ နှစ်အထိ ပိတ်ပင်ခံခဲ့ရပါတယ်။ သို့သော်လည်း အယူခံဝင်ပြီးနောက်မှာ ဖီဖာက ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ချပေးခဲ့တာကြောင့် ပေါ့ဂ်ဘာအနေနဲ့ ထင်ထားတာထက် ပိုမိုလျင်မြန်စွာ ဘောလုံးကွင်းထဲပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။
မိုနာကိုနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက် ပေါ့ဂ်ဘာက “ကျွန်တော့်ကိုယုံကြည်ပေးကြလို့ ကျေးဇူးတင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ဂျူဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် ကာလရှည်အလွတ်အေးဂျင့်ဖြစ်နေခဲ့ပါတယ်။ ယခုအခါမှာတော့ ပေါ့ဂ်ဘာဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်လီဂူးမှာ စတင်ကစားသွားတော့မှာဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ ဘောလုံးကစားသမားဘဝကို ယူနိုက်တက်မှာစတင်ခဲ့ပြီး နောက်ပိုင်းမှာ ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ခဲ့ကာ စီးရီးအေမှာ ဆုဖလားအောင်မြင်မှုအများအပြားသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သူဟာ ယူနိုက်တက်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီး ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကွင်းလယ်လူဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ခရိုအေးရှားကို ၄-၂ နဲ့အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့လက်တွဲခဲ့တဲ့ နောက်ဆုံး ၃ ရာသီအတွင်းမှာတော့ ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ခြေစွမ်းမရခဲ့ဘဲ ဂျူဗင်တပ်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။