အီတလီကို ပြတ်ပြတ်သားသားအနိုင်ကစားခဲ့လို့ အားရကျေနပ်နေတဲ့ ဆွစ်ဇာလန်ကြယ်ပွင့် ဇာခါ
လေဗာကူဆင်ကွင်းလယ်ကစားသမား ဇာခါက အီတလီအသင်းကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့မှုနဲ့ပတ်သက်လို့ အားရကျေနပ်နေပါတယ်။ ဇာခါ ပါဝင်တဲ့ ဆွစ်ဇာလန်လက်ရွေးစင်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲ၊ နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အီတလီကို အနိုင်ရရှိပြီး အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဇာခါက “ကွင်းတွင်း မဝင်ရောက်ရသေးခင်အချိန်မှာတောင် ကျွန်တော်တို့အသင်း အနိုင်ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်၊ ကျွန်တော်တို့နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် သူတို့ လုပ်ခဲ့သလိုမျိုးပေါ့။ အသင်းဝန်ထမ်းတွေအပါအဝင် အခုအချိန်အထိ အကောင်းဆုံးလုပ်ဆောင်ထားနိုင်တဲ့ ဆွစ်ဇာလန်လက်ရွေးစင်အသင်းအဖွဲ့ဝင်တိုင်းအတွက် ကျွန်တော် လုံးဝဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ အရာက အထူးရည်မှန်းချက်တစ်ခုထက်တောင် ပိုမိုသာလွန်ပါသေးတယ်။ ပွဲပြီးရလဒ်ပိုင်းတင်မက ကစားကွက်ကစားဟန်အပိုင်းမှာပါ သာလွန်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အမြင့်ဆုံးအဆင့်အတန်းမျိုးမှာ ကစားခဲ့ပြီး ဂုဏ်သိက္ခာရှိတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အမှန်ကန်ဆုံးချဉ်းကပ်မှုတစ်ခု လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ရှုံးပွဲဟာ အခုအချိန်အထိ နာကျင်နေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့က အသင်းကောင်းတစ်ခုဆိုတာ သက်သေပြခဲ့ပြီး ဒီပန်းတိုင်ဆီ ထိုက်ထိုက်တန်တန်ရောက်ရှိလာခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ စည်းကမ်းပိုင်းအရ ပြီးပြည့်စုံမှုရှိခဲ့ပါတယ်”လို့ ပြောပါတယ်။