ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် အယ်လ်-အီတီဖက်အသင်းကနေထွက်ခွာတော့မယ့် ဂျရတ်
သတင်းထောက် ဘန်ဂျက်ကော့တ်ရဲ့အဆိုအရ အယ်လ်-အီတီဖက်အသင်းနည်းပြ ဂျရတ်တစ်ယောက် ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် အသင်းကနေထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဂျရတ်ရဲ့အသင်းဟာ လက်ရှိဆော်ဒီလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၂ နေရာရောက်နေပြီး ထိပ်ဆုံးနေရာက အယ်လ်-ဟီလယ်အသင်းနဲ့ ၂၄ မှတ်အထိကွာဟနေပါတယ်။
အယ်လ်-အီတီဖက်အသင်းကလည်း ဂျရတ် နဲ့ ၂ ဦးသဘောတူလမ်းခွဲခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ “ကျွန်တော် အသင်းကိုကျေးဇူးတင်ကြောင်းပြသချင်ပါတယ်။ ဒီအသင်းကစားသမားတွေ ၊ ပရိသတ်တွေ နဲ့ အသင်းပိုင်ရှင်တွေက ကျွန်တော်ဒီမှာရှိနေချိန်မှာ အားပေးကူညီခဲ့ကြပါတယ်။ အထူးသဖြင့် စီးအီးအို ဟာမက်ဒ် ၊ အမှုဆောင် ဟာတင်တို့ကလည်း အများကြီးကူညီပေးခဲ့ကြပါတယ်။ ကျွန်တော် ဒီကနေအများကြီးသင်ယူခွင့်ရလိုက်ပြီး ကောင်းမွန်တဲ့အတွေ့အကြုံတွေလည်းရခဲ့ပါတယ်။
ဒါပေမယ့် ဘောလုံးမှာက မခန့်မှန်းတာတွေဖြစ်တတ်ပါတယ်။ တစ်ချို့အချိန်တွေမှာ ခင်ဗျားလိုချင်သလိုဖြစ်မလာတာတွေရှိတတ်ပါတယ်”လို့ ဂျရတ်က ဆိုပါတယ်။ ဂျရတ်ရဲ့အနာဂတ်ဟာ ရလဒ်တွေဆိုးဝါးလာခဲ့ပြီးနောက် မတည်မငြိမ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အယ်လ်-ဝက်ဒါအသင်းကို ၂-၂ သရေကျခဲ့ပြီးနောက် ဂျရတ်က အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းမှုအတွက် မိမိမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျရတ်ဟာ အယ်လ်-အီတီဖက်အသင်းကို ၂၀၂၃ ဇူလိုင်လတုန်းက တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၂၇ အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။ ဒီရာသီမှာလည်း အသင်းအခြေအနေက ဆိုးဝါးနေပြီး ပြိုင်ပွဲစုံ ၆ ပွဲသာ အနိုင်ရရှိထားခဲ့ကာ နည်းပြအသစ်က အခုအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။