The network connection is lost.

Banner Image

မန်စီးတီးနဲ့ ၂၀၂၆ အထိ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ စတီဖင်အော့တီဂါ

မန်စီးတီးအသင်းကတော့ ဂိုးသမား အော့တီဂါကို ၁ နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ၂၀၂၂ တုန်းက စီးတီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခု ၂၀၂၆ အထိ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။

အော့တီဂါဟာ စီးတီးရဲ့အရန်ဂိုးသမားဖြစ်ပေမယ့် တော့တင်ဟမ်နဲ့ပွဲမှာ အီဒါဆန်အစား လူစားဝင်လာပြီး ဆွန်ဟောင်မင်ရဲ့အပိုင်ဂိုးရနိုင်မယ့်အခွင့်အရေးကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အော့တီဂါဟာ ယူနိုက်တက်ကိုအရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲမှာလည်း ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

“မန်စီးတီးမှာ အချိန်အတော်ကြာဆက်နေခွင့်ရလို့ ကျွန်တော်ဝမ်းသာမိပါတယ်။ ဒါက ကစားသမားတွေကိုထောက်ပံ့ပေးတဲ့ ဘောလုံးအသင်းဖြစ်ပြီး ကျွန်တော်တို့အရာအားလုံးအကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ချင်း ကျွန်တော်စိတ်ခွန်အားရသလို စိန်ခေါ်မှုတွေလည်းရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျွန်တော် တိုးတက်လာခဲ့ပါတယ်။

ကျွန်တော့်မိသားစုကလည်း အင်္ဂလန်မှာအထိုင်ကျနေပါပြီ။ ဒီမှာရှိတဲ့အရာအားလုံးကို ချစ်ပါတယ်။ ဒီစာချုပ်အပြင် ကျွန်တော်လာမယ့်ရာသီမှာလည်း ၁၀၀% အာရုံစိုက်သွားမှာပါ”လို့ အော့တီဂါက ပြောကြားခဲ့ပါတယ်။

စီးတီးအားကစားဒါရိုက်တာ ဘီဂရစ်စတိန်းက အီဒါဆန်ကို ဆော်ဒီမြေက ချိတ်ဆက်နေချိန်မှာ အော့တီဂါအသင်းမှာဆက်နေတာက အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ “ဒါက စီးတီးအတွက် အရေးပါတဲ့စာချုပ်သက်တမ်းတိုးမှုပါ။ စတီဖန်က နံပတ် ၂ ဂိုးသမားဆိုပေမယ့် သူ့အရည်အချင်းတွေ ၊ အတွေ့အကြုံတွေနဲ့သက်သေပြထားပြီးသားပါ”လို့ ဘီဂရစ်စတိန်းက ပြောကြားခဲ့ပါတယ်။