၆ ပတ်အကြာမှာတင် အာမိုရင်နေရာမှာ အစားဝင်ခဲ့တဲ့နည်းပြကို ထုတ်ပယ်လိုက်တဲ့ စပို့တင်း
စပို့တင်းအသင်းဟာ အာမိုရင်နေရာမှာ အစားထိုးခဲ့တဲ့ နည်းပြ ဂျာအိုပါရဲရားကို ၆ ပတ်အကြာမှာတင် ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ ပါရဲရားဟာ စပို့တင်းယူ - ၂၃ အသင်းကိုကိုင်တွယ်နေတာဖြစ်ပြီး အာမိုရင်ထွက်ခွာသွားခဲ့ပြီးနောက် စီနီယာအသင်းနည်းပြဖြစ်လာခဲ့ပါတယ်။
အာမိုရင်ထွက်ခွာချိန်တုန်းက စပို့တင်းအသင်းဟာ ပေါ်တူဂီလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာမှာ ရပ်တည်နေသလို ၂ ရာသီဆက် ချန်ပီယံဖြစ်နိုင်ဖို့ ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပါရဲရားရောက်လာပြီးနောက် ၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ၅-၁ နဲ့ပါ အရေးနိမ့်ခဲ့ပါတယ်။
စပို့တင်းတာဝန်ရှိသူတွေကလည်း ရလဒ်ဆိုးဝါးလာတာကြောင့် ပါရဲရားကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပါရဲရားထွက်ခွာမှုနဲ့ပတ်သက်ပြီး စပို့တင်းက “ခင်ဗျားက ခြင်္သေ့တစ်ကောင်အဖြစ် အမြဲတမ်းရှိနေမှာပါ။ ကျေးဇူးတင်ပါတယ် ပါရဲရားရေ”လို့ ထုတ်ပြန်ခဲ့ပါတယ်။
စပို့တင်းဟာ ပါရဲရားနေရာအတွက် ဗစ်တိုးရီးယားအသင်းနည်းပြဟောင်း ဘော်ဂတ်စ်ကို ပစ်မှတ်ထားနေပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ စပို့တင်းဟာ ဘင်ဖီကာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာ ၁ မှတ်သာကွာဟနေတာဖြစ်ပါတယ်။