The network connection is lost.

Banner Image

ကနေဒါနဲ့ပွဲစဉ် မတိုင်မီ မက်ဆီရဲ့ကြံ့ခိုင်ရေးအခြေအနေကို အသိပေးလာတဲ့ စကာလိုနီ

အာဂျင်တီးနား လက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက ကနေဒါနဲ့ ယှဉ်ပြိုင်သွားရမယ့် ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီမှာ အသင်းရဲ့စူပါစတား လီယွန်နယ်မက်ဆီရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး အသိပေး ပြောကြားလာခဲ့ပါတယ်။ စကာလိုနီက သူ့အနေနဲ့ မက်ဆီကို သေချာပေါက် ပါဝင်ကစားခွင့်ပြုမယ်ဆိုတာ သံသယရှိစရာမလိုကြောင်းနဲ့ အသက်-၃၇ နှစ်အရွယ် ကစားသမားကို ကြံ့ခိုင်မှုအပြည့်အဝမရှိရင်တောင် အမြဲတမ်းရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

မက်ဆီဟာ ပေါင်ဒဏ်ရာပြဿနာကြောင့် ပီရူးနဲ့ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် အီကွေဒေါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ မိနစ် ၉၀ အပြည့် ပါဝင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ကိုပါ ကန်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း မက်ဆီဟာ သူကန်ခွင့်ရခဲ့တဲ့ ပင်နယ်တီကိုတော့ ဂိုးဝင်အောင်မကန်သွင်းနိုင်ခဲ့ပါဘူး။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ စကာလိုနီက “မက်ဆီက အမြဲတမ်း ၉၉ ရာခိုင်နှုန်းလောက် ကစားဖို့အဆင်သင့်ရှိပါတယ်။ ကြံ့ခိုင်မှုမပြည့်ဝလို့ဆိုပြီး ကစားခွင့်မရတာမျိုးမဖြစ်ဖူးပါဘူး။ သူကွင်းထဲကို ဝင်လာပြီဆိုရင် ကြံ့ခိုင်မှုပြည့်နေလို့ပါပဲ။ ကနေဒါနဲ့ပွဲအတွက်လည်း သူကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ ကျွန်တော်ကတော့ သံသယမရှိပါဘူး။ ကျွန်တော့်အတွက်တော့ လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ သူအခြေအနေကောင်းရင် ပွဲချိန်ပြည့်ကစားမယ်။ မကောင်းရင်တော့ မိနစ် ၃၀ လောက်ပဲကစားမယ်။ လွယ်လွယ်လေးပါပဲ” “သူကြံ့ခိုင်နေရင် ကစားမှာပါ။ ဘယ်သူမှသံသယဖြစ်စရာမလိုပါဘူး။ ကျွန်တော်က နည်းပြပါ။ ဒါကြောင့် ကျွန်တော်ကပဲ ဆုံးဖြတ်ချက်ချပါတယ်။ သူ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိပေမယ့် လုံလောက်တဲ့ကြံ့ခိုင်မှုမျိုးရှိနေရင်တော့ ကျွန်တော်က ကစားခွင့်ပြုမှာပါ။ ဒီကနေဖြစ်လာတဲ့ ပြဿနာကိုလည်း ကျွန်တော်ပဲ တာဝန်ယူသွားပါမယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဖိအားမရှိပါဘူး။ သူက အသင်းအတွက် ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲဆိုတာ အားလုံးသိပါတယ်။ ဒီလိုကစားသမားတစ်ယောက်ကို ကွင်းထဲမှာမထားမိလောက်တဲ့အထိတော့ ကျွန်တော်မမှားပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ဖို့ တစ်ပွဲသာကျော်ဖြတ်ဖို့လိုတော့ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီဟာ အသက်-၃၉ နှစ်အရွယ်ရှိနေမှာဖြစ်လို့ ဒီကိုပါအမေရိကပြိုင်ပွဲက သူ့အတွက် နိုင်ငံတကာကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်သွားနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။

ယခု ကိုပါအမေရိကပြိုင်ပွဲမှာ တတိယနေရာလုပွဲလည်း ပါဝင်နေတာကြောင့် အာဂျင်တီးနားအနေနဲ့ ကနေဒါကို ရှုံးနိမ့်ခဲ့ရင်တောင် နောက်ထပ်တစ်ပွဲ ဆက်လက်ကစားရဦးမှာဖြစ်ပါတယ်။