ရက်ရှ်ဖို့ဒ်ကို ထုတ်ပယ်ထားခြင်းက အသင်းရဲ့ရလဒ်တွေအပေါ် အကျိုးသက်ရောက်မှုမရှိကြောင်း ပြောကြားလာတဲ့ အာမိုရင်
သောကြာနေ့နံက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အဆိုပါပွဲစဉ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ဆက်လက်ချန်လှပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပွဲအပြီးမှာတော့ အင်္ဂလန်သားကို လူစာရင်းမှထုတ်ပယ်ထားခြင်းက အသင်းရဲ့ရလဒ်တွေအပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမဖြစ်စေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဘုန်းမောက်နဲ့ တော့တင်ဟမ်တို့ကိုရှုံးနိမ့်ထားခဲ့တဲ့ ယူနိုက်တက်ဟာ ယခုအခါမှာလည်း ဝုဗ်ကို ဆက်လက်ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ အာမိုရင်လက်ထက် ပထမဆုံးအကြိမ် ၃ ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဒုတိယပိုင်းအစမှာပဲ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံးကို ၁ ယောက်လျော့အခြေအနေနဲ့ ကစားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာကတည်းက ယူနိုက်တက်နဲ့လူစာရင်းကနေ ထုတ်ပယ်ခံထားခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုပွဲစဉ်မှာလည်း ဆက်လက်ချန်လှပ်ခံထားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ဒါဘီပွဲစဉ်အပြီးမှာ အင်္ဂလန်သားကလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားဖို့ ဆန္ဒရှိနေကြောင်း ပြောကြားထားခဲ့တာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲဖို့ အလားအလားရှိနေတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို ၄ ပွဲဆက်တိုက် လူစာရင်းကနေ ချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ အာမိုရင်က “ကျွန်တော်အရင်ကပြောခဲ့တဲ့အတိုင်းပါပဲ။ အသင်းက ရှုံးရှုံး၊ နိုင်နိုင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားတွေနဲ့ပဲ ကစားရပါမယ်။ ရှုံးသွားရင်တော့ ပိုမိုသန်မာလာဖို့လိုအပ်တာပေါ့။ ကျွန်တော်ကတော့ အဆုံးအထိ ကျွန်တော့်ရဲ့ကိုယ်ပိုင်စိတ်ကူးတွေနဲ့ပဲ ရှေ့ဆက်သွားမှာပါ” လို့ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ စိတ်ကျေနပ်လောက်အထိ စွမ်းဆောင်ရည်ပြသနိုင်ခြင်းမရှိဘူးလားဆိုတဲ့မေးခွန်းကို ပေါ်တူဂီသားက “ဒီပွဲမှာ သူကစားခွင့်မရခဲ့ဘူးဆိုတော့ ကိုယ့်ဘာသာပဲ ဆက်တွေးကြည့်ပေါ့” လို့ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
လာမယ့်ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အနီကတ်ပြသခံထားရတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ပါဝင်နိုင်မှာမဟုတ်လို့ အနိုင်ရဖို့ ခက်ခက်ခဲခဲကစားသွားရဦးမှာဖြစ်ပါတယ်။