ဂျော်ဂျီယာနဲ့ ပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်သွားမယ့် ရော်နယ်ဒို
ပေါ်တူဂီဟာ လက်ရှိအချိန်မှာ နိုင်ပွဲ ၂ ပွဲ ရယူထားနိုင်တာကြောင့် ဘယ်နည်းနဲ့မဆို ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းထားနိုင်ပြီဖြစ်သော်လည်း နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ကတော့ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျော်ဂျီယာနဲ့ပွဲမှာလည်း အသင်းရဲ့စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုကို ချန်ထားမှာမဟုတ်ဘဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ချက်ကို ၂-၁ နဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲစဉ်မှာလည်း တူရကီကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရထားတာဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်အတွက် ဂျော်ဂျီယာနဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမားအချို့ကိုထုတ်မသုံးဘဲ သိမ်းထားမှာဖြစ်တယ်လို့ မာတီနက်ဇ်က ပြောကြားခဲ့ဖူးပါတယ်။ ဒါကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီဟာ ကြံ့ခိုင်မှုအတွက် ရုန်းကန်ရနိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ကစားသမား ရော်နယ်ဒိုကို ထည့်သွင်းမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြပေမယ့် ယခုအခါမှာတော့ မာတီနက်ဇ်က ဝါရင့်တိုက်စစ်မှူးကိုတော့ ဆက်လက်အသုံးပြုသွားမယ်လို့ အသိပေးခဲ့ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မာတီနက်ဇ်က “မနက်ဖြန်ပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမားအဖြစ်ပါဝင်သွားပါမယ်။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း သူ့ရဲ့ကလပ်အတွက် ပွဲစဉ်တိုင်းလိုလိုမှာ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ သူ့ကို နောက်ပွဲတွေအတွက် ချန်ထားတာက အကြံကောင်းမဟုတ်ပါဘူး” “ပြီးတော့ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဘယ်အသင်းနဲ့တွေ့ရ တွေ့ရ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့အတွက်အရေးကြီးတာက အခုကစားရမယ့် ဂျော်ဂျီယာနဲ့ပွဲပါပဲ။ ဒီပွဲအပေါ်မှာအပြည့်အဝအာရုံစိုက်ထားပြီး အနိုင်ရဖို့အတွက် အကောင်းဆုံးပေးဆပ်သွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီဟာ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းကို ပွဲစဉ်တိုင်းမှာ အသုံးပြုနေပေမယ့် လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဒီယေဂိုဂျိုတာကိုတော့ ချက်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ထည့်သွင်းခဲ့သလို တူရကီနဲ့ပွဲမှာလည်း အရန်ခုံကနေ ဆင်းခွင့်မပေးခဲ့ပါဘူး။ ဂျိုတာဟာ ဒဏ်ရာပြဿနာရှိနေပြီး တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တာကြောင့် ဂျော်ဂျီယာနဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားနိုင်ဖို့ မသေချာဘူးလို့ မာတီနက်ဇ်က ဆိုပါတယ်။
ပေါ်တူဂီသားက “ဒီယေဂိုဂျိုတာ၊ ဂန်ကာလိုရာမို့စ်နဲ့ နူနိုမန်ဒက်စ်တို့က မိနစ် ၉၀ အပြည့် ကစားနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မာတီနက်ဇ်က ပေါ်တူဂီရဲ့ယူရိုပွဲစဉ်တိုင်းမှာ ပရိသတ် ၆ ဦးထက်မနည်းဟာ အသင်းရဲ့စူပါစတား ရော်နယ်ဒိုနဲ့ ဓာတ်ပုံရိုက်ခွင့်ရဖို့အတွက် ကွင်းထဲကို ချိုးဖောက်ဝင်ရောက်နေတာကြောင့် ကစားသမားရဲ့လုံခြုံရေးကို စိုးရိမ်မိတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
သူက“ရော်နယ်ဒိုက ပေါ်တူဂီပရိသတ်တွေအတွက်သာမက တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကွင်းထဲကို ကျူးကျော်ပြီး သူနဲ့ဓာတ်ပုံရိုက်ဖို့ကြိုးစားတာမျိုးကတော့ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ရပါတယ်။ ဒီလိုမြင်ကွင်းတွေက ကျွန်တော်တို့ မြင်ချင်တဲ့ ဘောလုံးပွဲရဲ့ အစိတ်အပိုင်းတွေမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။