The network connection is lost.

Banner Image

ဘောလုံးကစားဖို့ နှစ်တွေအများကြီး မကျန်တော့ဘူးလို့ ဝန်ခံလာတဲ့ ရော်နယ်ဒို

ယနေ့နံနက်က အိုင်ယာလန်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ယူရိုအကြိုခြေစမ်းပွဲစဉ်မှာ ပေါ်တူဂီအတွက် အနိုင်ဂိုး ၂ ဂိုးသွင်းယူပြီး လက်ရွေးစင်အသင်း အတွက် ဂိုး ၁၃၀ အထိပြည့်မြောက်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပွဲအပြီးမှာတော့ ဘောလုံးကစားဖို့နှစ်တွေအများကြီးမကျန်တော့ဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

အသက်ကြီးပေမယ့် မပျက်စီးသေးဘဲ ဇရာကိုကြံ့ကြံ့ခံနေတဲ့ အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ မှာ ပေါ်တူဂီအသင်းအတွက် ပါဝင်သွားမှာဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ခြေစမ်းပွဲစဉ်မှာလည်း လက်ရွေးစင်ကစားသမားဘဝ ၁၂၉ နဲ့ ၁၃၀ ဂိုးမြောက် သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး အဆင်သင့်ဖြစ်နေတဲ့အကြောင်း ပြိုင်ဘက်အသင်းတွေကို သတိပေးလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူရို ၂၀၁၆ ချန်ပီယံတွေရဲ့ ဦးဆောင်ဂိုးကို ဂျိုအိုဖီးလစ်ဇ်က ဘရူနိုဖာနန်ဒက်စ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ပွဲကစားချိန် ၁၈ မိနစ်မှာ သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းအတွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အိုင်ယာလန်ကို သက်တောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အသင်းခေါင်းဆောင်လည်းဖြစ်၊ စူပါစတားလည်းဖြစ်တဲ့ ရော်နယ်ဒိုက အနိုင်သေချာစေမယ့် သွင်းဂိုးတွေကို မိနစ် ၅၀ နဲ့ မိနစ် ၆၀ တွေမှာ ဆက်တိုက် သွင်းယူပေးခဲ့တာကြောင့် ပေါ်တူဂီတို့ ဂိုးပြတ် နိုင်ပွဲနဲ့အတူ ယူရိုပြိုင်ပွဲအတွက် စိတ်ဓာတ်အင်အားမြှင့်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အသက်-၃၉ နှစ်အရွယ် ကစားသမားက “ကျွန်တော့်မှာ ဘောလုံးကစားဖို့ နှစ်တွေအများကြီးမကျန်တော့ပါဘူး။ ဒါကြောင့် လက်ရှိအချိန်လေးကို ပျော်အောင်နေရမှာပေါ့။ ကျွန်တော်က ဘောလုံးကိုအရမ်းချစ်တယ်။ ဒါကြောင့် ပွဲစဉ်တိုင်းက ကျွန်တော့်အတွက်ထူးခြားနေပါတယ်။ ပေါ်တူဂီနဲ့ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာ အလွန်ဂုဏ်ယူစရာပါ။ အသက်-၂၀ အရွယ်တုန်းကမက်ခဲ့တဲ့ အိပ်မက်တစ်ခုလိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ အုပ်စုအဆင့်မှာ တူရကီ၊ ဂျော်ဂျီယာ၊ ချက်တို့နဲ့ ကျရောက်နေတာကြောင့် နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ အလားအလာကောင်းကိုပိုင်ဆိုင်ထားပါတယ်။