
တာတာမာတီနို ရှိတာကြောင့် မီယာမီကို မက်ဆီပြောင်းခဲ့တာလို့ သုံးသပ်လိုက်တဲ့ ပြိုင်ဘက်နည်းပြ ဂျင်ကာတင်
ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့အပြီးမှာ ပီအက်စ်ဂျီအသင်းကနေ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ကစားကာ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူခြေစွမ်းပြနေဆဲဖြစ်တဲ့ မက်ဆီအနေဖြင့် မေဂျာလိဂ် ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာက နည်းပြ မာတီနိုကြောင့် ဖြစ်တယ်လို့ ဖီလ်ဒယ်ဖီးယားနည်းပြ ဂျင်ကာတင်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ဝါရင့်တိုက်စစ်မှုးအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ပဲရစ်ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ကြုံတွေ့နေရပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ကာ စာချူပ်သက်တမ်း ကုန်ချိန်မှာ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဥရောပအခြေစိုက် နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက မက်ဆီအနေဖြင့် အဓိက ပြိုင်ဘက် ပေါ်တူဂီဝါရင့်တိုက်စစ်မှုး သွားရောက်ကစားနေတဲ့ ဆော်ဒီမြေကို ပြောင်းရွှေ့နိုင်ပြီး အယ်ဟီလယ်အသင်းက မြင့်မားတဲ့ လုပ်ခ နှုန်းထားဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၄၀၀ ဖြင့် ကမ်းလှမ်းထားခဲ့ကြောင်းပါ နာမည်ကြီးခဲ့ပေမယ့် အင်တာမီယာမီအသင်းကိုသာ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကစားသမားဘဝမှာ ခြေစွမ်းပြကစားနိုင်သေးပေမဲ့ ဥရောပဘောလုံးရပ်ဝန်းမှ အမေရိကန်မြေကို မက်ဆီ ပြောင်းရွှေ့လာတာနဲ့ ပတ်သက်လို့ နည်းပြ ဂျင်ကာတင်က“လူတွေက မက်ဆီဘာကြောင့် မေဂျာလိဂ်ကို ရောက်လာရတဲ့ အဓိက အကြောင်းအရင်းကို မေ့နေတတ်ကြပါတယ်။ ကျွန်တော့်အထင် မက်ဆီက နည်းပြ တာတာမာတီနို ရောက်နေတာကြောင့် ရွေးချယ်စရာဖြစ်ခဲ့ပုံပါပဲ။ အာဂျင်တီးနား၊ ဘာစီလိုနာ ၂သင်းလုံးမှာ နည်းပြ အဖြစ် ဦးဆောင်ခဲ့ဖူးတဲ့သူလေဗျာ။ အယ်လ်ဘာနဲ့ ဘက်စ်ကွက်တို့ကလည်း ဒီသဘောအတိုင်းပါပဲ။ သူတို့ရဲ့ အပြောင်းအရွှေ့တွေက အင်တာမီယာမီအသင်းကို အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်” “မာတီနိုက ဖခင်တစ်ဦးလို ကလပ်အသင်းရဲ့ ကစားသမားတွေအပေါ် ဦးဆောင်ဦးရွက် ပြုပေးနိုင်တဲ့ အံ့အားသင့်ဖွယ်ရာ နည်းပြတစ်ဦးလို့ မြင်မိပါတယ်”လို့ သုံးသပ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။