
ဘင်ဖီကာရဲ့ ချန်ပီယံလိဂ်သတင်းစာရှင်းလင်းပွဲမစတင်မီ ပြင်းအား ၄.၇ မဂ္ဂနီကျုရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့
မိုနာကိုနဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ဘင်ဖီကာကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမစတင်မီမှာ ပြင်းအား ၄.၇ မဂ္ဂနီကျုရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဘင်ဖီကာနီးပြ ဘရူနိုလာဂျီက သူ့ရဲ့ ငလျင်အတွေ့အကြုံကို ပြန်လည်ဝေမျှခဲ့ပါတယ်။ လာဂျီအနေနဲ့ သတင်းစာရှင်းလင်းပွဲစတင်ဖို့ ထိုင်ခုံကို ဆွဲယူလိုက်စဉ်မှာပဲ ငလျင်က စတင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကို ပေါ်တူဂီအခြေစိုက် CNN သတင်းဌာနက ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့သိရပါတယ်။
ငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီး လာဂျီက "ငလျင်လှုပ်ချိန်မှာ ကျွန်တာ့်ရဲ့လက်ထောက်ကို ကျွန်တော်တို့ လှေကားကို တက်လာချိန်က အသံတစ်သံကြားခဲ့တဲ့အကြောင်းနဲ့ ကျွန်တော်တို့ရှေ့က မှန်တံခါးကို ပြန်ပြင်ဖို့လိုအပ်နေကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ အဲဒါပါပဲ" လို့ပြောကြားခဲ့ပါတယ်။ အဆိုပါငလျင်ဟာ ပေါ်တူဂီနိုင်ငံရဲ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၂၄ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ရဲ့ဒဏ်ကို လစ္စဘွန်းမြို့ထဲကနေရာအတော်များများ ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့တယ်လို့ သိရပါတယ်။
လာမယ့် ကြာသပတေးနေ့မှာတော့ ဘင်ဖီကာဟာ ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်အဖြစ် မိုနာကိုနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး ပထမအကျော့မှာတုန်းက ၁-၀ နဲ့ဦးဆောင်ထားခဲ့တာဖြစ်ပါတယ်။ ပထမအကျော့က အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ဗန်ဂျီလစ်ပက်ဗ်လီဒစ်က သွင်းယူပေးခဲ့ပါတယ်။
ဘင်ဖီကာအနေနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်သွားရမယ့် ဒုတိယအကျော့မှာ မိုနာကိုကို မရှုံးအောင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဘာစီလိုနာ ဒါမှမဟုတ် လီဗာပူးနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။