
ပြင်သစ်လက်ရွေးစင်ပြန်ဖြစ်လာဖို့ မျှော်လင့်နေဆဲပဲလို့ အတိအလင်းထုတ်ဖော်လာတဲ့ ပေါ့ဂ်ဘာ
မိုနာကိုကစားသမားသစ်ပေါ့ဂ်ဘာက ပြင်သစ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရခြင်းကို အိပ်မက်တစ်ခုလက်တွေ့အကောင်အထည်ပေါ်လာမှု ဖြစ်လာလိမ့်မယ်လို့ တင်စားပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားဆုရှင်ရဲ့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကျခံနေရတဲ့ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ချပေးခဲ့ပြီးနောက် ဘောလုံးလောကဆီ ပေါ့ဂ်ဘာ ပြန်လည်ဝင်ရောက်လာပါတယ်။ ပေါ့ဂ်ဘာက ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်ကာ ဒဏ်ရာနဲ့ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်ရွေးစင်အသင်းအတွက် မကစားပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူက မိုနာကိုနဲ့အတူ လီဂူးဝမ်းဘောလုံးရာသီဆီ ပြန်လည်ဝင်ရောက်လာပြီး ထိပ်တန်းအဆင့်သို့ နောက်တစ်ကြိမ်ပြန်လည်တက်လှမ်းနိုင်ရန် မျှော်လင့်လျက်ရှိနေပါတယ်။
ပေါ့ဂ်ဘာမပါဝင်တဲ့ ပြင်သစ်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် လီယွန်နယ်မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့သလို ပြီးခဲ့တဲ့နှစ်၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိကာ ချန်ပီယံဖြစ်လာမယ့် စပိန်ကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ မိုနာကိုအသင်းနဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ပေါ့ဂ်ဘာက လာမယ့်ဘောလုံးရာသီ၊ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် အနီးကပ်စောင့်ကြည့်လာဖွယ်ရှိတဲ့ နည်းပြဒက်စ်ချမ့်စ်ဆီ လက်ရွေးစင်အသင်းမှာ ပါဝင်ချင်သေးတယ်လို့ သတင်းစကားပေးပို့လိုက်ပါတယ်။
အသက်-၃၂ နှစ်အရွယ်ကစားသမားက “ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်နိုင်ဖို့ဆိုတာ ပြင်သစ်ဘောလုံးသမားတိုင်းရဲ့ဆန္ဒ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဆင့်တွေတော့ ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က အကောင်းဆုံးပြန်လာပြီး စွမ်းဆောင်ရည်ကောင်း ပြသသွားရမယ်ဆိုတဲ့ ပထမခြေလှမ်းမှာ ရှိနေပါတယ်။ ပြင်သစ်အသင်းဆိုတာ အရမ်းကောင်းတဲ့အသင်းတစ်ခုဖြစ်လို့ အလွယ်တကူနေရာရသွားဖို့ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
လီဟာဗေးနဲ့အတူ လူငယ်ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့ရတဲ့ ပေါ့ဂ်ဘာအတွက် လာမယ့်ဘောလုံးရာသီက ပြင်သစ်ဘောလုံးလောကအတွင်း ပထမဆုံးအကြိမ်ကစားရမယ့် ဘောလုံးရာသီ ဖြစ်လာပါလိမ့်မယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ထိပ်တန်းအဆင့်ဆီ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိဖို့ ကူညီပေးနိုင်စွမ်းရှိတဲ့ အသင်းတစ်ခုဆီ ဆက်သွယ်လာခဲ့တာပါလို့ ရှင်းပြပါတယ်။
RMC သတင်းဌာနနဲ့တွေ့ဆုံချိန် ပေါ့ဂ်ဘာက “ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ လီဂူးဝမ်းမှာ ကျွန်တော် မကစားခဲ့ဖူးပါဘူး။ လီဂူးဝမ်းဆိုတာ ကစားသမားကောင်းတွေ ပြည့်နှက်နေပြီး ကျွန်တော်လေးစားရတဲ့ လိဂ်ပြိုင်ပွဲတစ်ခု အမြဲတမ်းဖြစ်ခဲ့ပါတယ်။ ဒီနေ့ခေတ် ကမ္ဘာ့အကောင်းဆုံးပါရမီရှင်ကစားသမားတွေကို ပြင်သစ်နိုင်ငံမှ မွေးထုတ်ပေးထားတယ်လို့လည်း ယူဆမိပါတယ်။ ဒီလိဂ်မှာကစားရမှာဖြစ်လို့ ပျော်ရွှင်မိသလို ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။