The network connection is lost.

Banner Image

မိုနာကိုအတွက် ပွဲဦးထွက်ကစားရာမှာ ပရိသတ်တွေရဲ့ကြိုဆိုမှုကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဖွင့်ဟလာတဲ့ ပေါ့ဂ်ဘာ

မိုနာကိုအသင်းရဲ့ ကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာဟာ ရန်းနက်စ်ကို ၄-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အသင်းအတွက်ပထမဆုံးအကြိမ် ပါဝင်ကစားပြီးနောက် ပရိသတ်တွေရဲ့ အားပေးကြိုဆိုမှုကြောင့် အံ့အားသင့်ခဲ့မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ယခင်က မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့အဓိကကွင်းလယ်ကြယ်ပွင့်ဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရသလို တားမြစ်ဆေးသုံးစွဲမှုတွေကြောင့် ဘောလုံးကစားခွင့်မှ ကာလရှည်ပိတ်ပင်ခံခဲ့ရပြီး ယခုရန်းနက်စ်ကိုဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒုတိယပိုင်းအတွင်း လူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားပြီး ပထမဆုံးအကြိမ် ဘောလုံးကွင်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ပေါ့ဂ်ဘာက "ပထမဆုံးအနေနဲ့ပြောချင်တာက ဒီပွဲမှာရှုံးခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်ပြန်လာဖို့ အားလုံးကမျှော်လင့်ထားကြတာမှန်ပေမယ့် ကျွန်တော်က မိုနာကိုအသင်းသားတစ်ယောက်ပါပဲ။ ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အခုလိုပြန်ကစားနိုင်တဲ့အတွက်လည်း ဝမ်းသာမိတာကြောင့် ခံစားချက်တွေရောထွေးနေပါတယ်"

"စိတ်ထဲမှာ ဘောလုံးကစားခွင့်ပြန်ရခဲ့လို့ အရမ်းပျော်ပါတယ်။ ကွင်းထဲက အသင်းရဲ့အမှားတွေနဲ့ ရှုံးနိမ့်မှုကြောင့်တော့ စိတ်ပျက်ပါတယ်။ ကျွန်တော်ပြန်ကစားနိုင်တဲ့အချိန်မှာ ပထမဆုံးစဉ်းစားမိတာက အသင်းအတွက်သွင်းဂိုးတွေရရှိအောင်ကြိုးစားပေးဖို့နဲ့ ဂိုးမပေးရအောင်ကူညီပေးဖို့ပါ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူကွင်းထဲဝင်ရောက်လာချိန်မှာ မတ်တတ်ရပ်ပြီးဂုဏ်ပြုပေးခဲ့တဲ့ ပရိသတ်တွေကြောင့် အံ့အားသင့်မိကြောင်းကို ပြင်သစ်သားက "ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီလောက်အထိဂုဏ်ပြုပေးကြမယ်လို့ ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး။ ပရိသတ်တွေ မတ်တတ်ရပ်ပြီး လက်ခုပ်တီးပေးတာကို မြင်လိုက်ရတော့ ကျွန်တော်အရမ်းခံစားသွားရပါတယ်။ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ပွဲကိုလာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်"

"ကျွန်တော်ကစားချင်နေတာ လချီနေပါပြီ။ ကျွန်တော့်ရဲ့လက်ရှိအခြေအနေက ကစားဖို့ပြီးပြည့်စုံတဲ့အခြေအနေမဟုတ်ပေမယ့် နည်းပြက အခွင့်အရေးပေးခဲ့ပါတယ်။ အခြားတစ်ယောက်ကို ကျွန်တော့်နေရာမှာအစာထိုးလို့ရပေမယ့် ရလဒ်ဆိုးနေတဲ့ကြားကနေ ကျွန်တော့်ကို ကစားခွင့်ပေးခဲ့တာပါ"

"အသင်းအတွက် လိုအပ်နေတဲ့စွမ်းအင်တွေ ယူဆောင်ပေးချင်ပါတယ်။ ဂိုးမပေးရဖို့နဲ့ အနိုင်ရဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဘောလုံးမကစားရတာ အရမ်းကြာနေပါပြီ။ ကမ္ဘာပေါ်က ကျွန်တော်အချစ်မြတ်နိုးဆုံးအလုပ်ကို ပြန်လုပ်ရတဲ့အတွက်တော့ စိတ်သက်သာရာရမိပါတယ်။ အသင်းကိုကူညီနိုင်ဖို့ အတတ်နိုင်ဆုံးဆက်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။