
မိုနာကိုကို သရေကျပြီးနောက် မန်စီးတီးဟာ လုံလောက်တဲ့စွမ်းဆောင်ရည်မရှိခဲ့ဘူးလို့ ဝေဖန်လာတဲ့ ဟာလန်း
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မိုနာကိုကို ၂-၂ နဲ့သရေကျပြီးနောက် မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက အသင်းမှာ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးမရှိခဲ့ဘူးလို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဟာလန်းဟာ မန်စီးတီးအတွက် ၂ ကြိမ်တိုင်တိုင်ဦးဆောင်ဂိုးသွင်းပြီး ပွဲကိုအသာစီးကနေ ကစားစေခဲ့ပေမယ့် မိုနာကိုအတွက်ချေပဂိုးတွေကို တိုက်စစ်မှူးဂျော်ဒန်တီဇီနဲ့ အဲရစ်ဒိုင်ယာတို့က ပြန်လည်သွင်းယူပေးခဲ့တာကြောင့် ပြင်သစ်မြေမှာ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးရဲ့ နော်ဝေဂိုးသွင်းစက်ဟာ ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့သလို၊ ယခုပွဲစဉ်မှာလည်း ပထမပိုင်းအတွင်း မိုနာကိုဘက်ကို ၂ ဂိုးသွင်းပြီး ချန်ပီယံလိဂ်မှာ စုစုပေါင်း ၅၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွင့်ဂိုးကိုဟာလန်းဟာ နောက်ခံလူ ဂျီဗာဒီအောရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ထိချက်တစ်ချက်တည်းနဲ့အသာအယာပဲသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ အာဆင်နယ်ဂန္ထဝင် အွန်နရီကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းဟာ ယခုပွဲစဉ်မှာ ဒုတိယသွင်းဂိုး ထပ်မံရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်နဲ့ သွင်းဂိုးအရေအတွက်တူညီသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ မန်စီးတီးရဲ့တိုက်စစ်မှာ တာဝန်ကျေခဲ့ပေမယ့် အခြားအသင်းဖော်တွေကတော့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ခြင်းမရှိလို့ အနိုင် ၃ မှတ်နဲ့ဝေးကွာခဲ့ရပါတယ်။
ဒါကြောင့်ပွဲအပြီးမှာ နော်ဝေးလက်ရွေးစင်က "သရေကျခဲ့လို့ သိပ်မကျေနပ်ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ မလိုအပ်တာတွေလုပ်ခဲ့ပြီး လုံလောက်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့ဘူးလို့ထင်ပါတယ်။ ဒါကြောင့် နိုင်ပွဲနဲ့မထိုက်တန်ခဲ့တာပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကြိုးစားအားထုတ်ဖို့လိုပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ပွဲကို ပိုထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ကစားအားကျသွားခဲ့လို့ လုံလောက်အောင်မကောင်းခဲ့ဘူးလို့ပြောရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးဟာ မိုနာကိုရဲ့ဒုတိယချေပဂိုးကို ပင်နယ်တီမှတစ်ဆင့် ခွင့်ပြုခဲ့ရတာဖြစ်ပြီး အဆိုပါပင်နယ်တီဟာ အငြင်းပွားစရာဖြစ်ခဲ့တာကြောင့် ဒိုင်တွေကို စောဒကတက်ခဲ့တဲ့မန်စီးတီးရဲ့လက်ထောက်နည်းပြအဖွဲ့ဝင် ၂ ဦးအထိ အနီကတ်ပြသခံခဲ့ရပါတယ်။ သို့သော်လည်း ဟာလန်းကတော့ မန်စီးတီးလက်ထောက်နည်းပြတွေနဲ့ အမြင်မတူဘဲ "ကျွန်တော် အဲဒါကိုပြန်မကြည့်ရသေးပါဘူး။ ဒါပေမယ့် မျက်နှာကိုခြေထောက်နဲ့ကန်မိရင်တော့ အဲဒါ ပင်နယ်တီပါပဲ" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ယခုပွဲစဉ်မှာ မိုနာကိုကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်ပြီးမှ သရေနဲ့သာကျေနပ်ခဲ့ရသလို၊ ပြီးခဲ့တဲ့ရာသီကလည်း အလားတူဖြစ်ရပ်တွေကြုံတွေ့ခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးဟာ ဖီယင်နုကို ၃ ဂိုးပြတ်ဦးဆောင်ပြီးမှာ ၃ ဂိုးစလုံးပြန်ပေးပြီးသရေကျခဲ့သလို၊ စပို့တင်းကိုလည်း ဦးဆောင်ဂိုးသွင်းပြီးမှ ၄-၁ နဲ့ပြန်လည်အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာလည်း မန်စီးတီးဟာ ၂ ဂိုးပြတ်ဦးဆောင်ပြီးမှာ ၄-၂ နဲ့ပြန်လည်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။
ယခုသရေပွဲကြောင့် မန်စီးတီးဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးဟာ ဘရန့်ဖို့ဒ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။