ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့ ဆန္ဒရှိနေတဲ့ နီကိုဝီလျံ
စပိန်လက်ရွေးစင် အသင်းနဲ့အတူ ယူရို-၂၀၂၄ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့မှုက ကမ္ဘာ့ဘောလုံးလောကဆီ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ နီကိုဝီလျံက ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘာလင်မြို့ဗိုလ်လုပွဲကြီးမှာ အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ချိန် စပိန်အသင်းအတွက် အဖွင့်ဂိုးကို နီကိုဝီလျံက သွင်းယူပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လူငယ်ကြယ်ပွင့်ကစားသမားက “သာမန်ပွဲကစားချိန်အတွင်းမှာပဲ ပြိုင်ဘက်ကို ကျွန်တော်အနိုင်ယူချင်ခဲ့ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော့်အတွက် မယုံကြည်နိုင်စရာ အံ့ဖွယ်နှစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ ဘောလုံးသမားတိုင်း ဒီလိုအခိုက်အတန့်မျိုး အိပ်မက်,မက်ဖူးကြပြီး ဒါကိုရရှိဖို့ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျွန်တော့်မိသားစုလည်း ဒီအတိုင်းပါပဲ။ အခုအောင်ပွဲက ကျွန်တော့်ကို အစပိုင်းကတည်းက ယုံကြည်ပေးခဲ့သူတိုင်းအတွက် ဖြစ်ပါတယ်။ ဒီအသင်းကလည်း ထူးခြားပါတယ်”
“ကျွန်တော်တို့အားလုံး ရည်မှန်းချက်တစ်ခုတည်းဆီ တူညီစွာ လျှောက်လှမ်းခဲ့ကြပါတယ်။ အခုအောင်ပွဲအတွက် ကျွန်တော်တို့ အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ အုပ်စုအဆင့်မှစပြီး ပွဲစဉ်တိုင်းကို ကျွန်တော်တို့ အနိုင်ယူခဲ့ပြီး နောက်ထပ်စိန်ခေါ်မှုတွေအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ ပထမဆုံးအနေနဲ့ ယူရိုချန်ပီယံအောင်ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရပါမယ်။ ဒီနေရာမှစပြီး တစ်ဆင့်ချင်းစီပဲ တက်လှမ်းသွားရပါမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း နှစ်နှစ်လိုပါသေးတယ်။ ရှည်လျားတဲ့ နှစ်နှစ်တာကာလပါ။ ကျွန်တော်တို့တွေ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုးစားပြင်ဆင်သွားရမှာဖြစ်ပေမယ့် တစ်ဆင့်ချင်းစီသာ လုပ်ဆောင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
နီကိုဝီလျံက ဘီလ်ဘာအိုနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ “ကျွန်တော်ကတော့ အသင်းကို ကူညီပေးနိုင်ရေး အမြဲတမ်း အစွမ်းကုန်ကြိုးစားအားထုတ်ပါတယ်။ လူတိုင်းလည်း ကျွန်တော့်အကြောင်းသိလာတော့ ကျွန်တော့်အပေါ် လေးစားမှု ရှိလာပါတယ်။ ဒီအတွက်လည်း ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်။ ဒါကပဲ ကျွန်တော် နေ့စဉ်နေ့တိုင်း လုပ်ဆောင်ခဲ့တဲ့ အရာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်”လို့ နီကိုဝီလျံက ဆက်ပြောပါတယ်။
ဆက်လက်ပြီး သူက လက်ရွေးစင်အသင်းဖော်၊ ဘာစီလိုနာကြယ်ပွင့် အသက်-၁၇ နှစ်အရွယ် လမိုင်းယာမယ်လ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
နီကိုဝီလျံက “ယာမယ်လ်ကလည်း အံ့မခန်းပါပဲ။ အခုပြိုင်ပွဲမှာ သူ့ကို အားလုံးလည်း မြင်တွေ့ခဲ့ကြပါလိမ့်မယ်။ သူက ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပြီး သူ့ကို တားဆီးနိုင်မယ့်အရာလည်း မရှိသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ခြေစွမ်ပိုင်း အရမ်းကောင်းမွန်တဲ့ကစားသမားဖြစ်သလို အံ့ဖွယ်လူသားတစ်ဦးလည်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။