
The network connection is lost.

ဖီနာဘာချီရဲ့နည်းပြသစ်ဖြစ်လာတဲ့ ဟိုဆေးမော်ရင်ဟိုဟာ ယခုအခါမှာတော့ အသင်းသစ်အတွက် ပထမဆုံး ခေါ်ယူမှုလုပ်ဆောင်ဖို့ ချဲလ်ဆီးတိုက်စစ်မှူး ရိုမီယိုလူကာကူကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုအားပြီးနောက် ၂၄ နာရီမပြည့်ခင်မှာပဲ အသင်းသစ်နဲ့ သွားရောက်ပူးပေါင်းခဲ့တဲ့ မော်ရင်ဟိုကို အစ္စတန်ဘူလ်မှာ ပရိသတ်ထောင်ချီက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်နည်းပြဟောင်းဟာ ဖီနာဘာချီနဲ့ ၂ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
ဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ဖီနာဘာချီဟာ မော်ရင်ဟိုလို နာမည်ကျော်နည်းပြကို ခန့်အပ်ခဲ့ရုံမကဘဲ ကစားသမားသစ်တွေကို ခေါ်ယူဖို့အတွက်လည်း ဘဏ္ဍာရေးပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ယခုအခါမှာ ဖီနာဘာချီဟာ အသင်းရဲ့ဥက္ကဌသစ်ကို ပြောင်းလဲခန့်အပ်ဖို့ စီစဉ်နေပြီး ဥက္ကဌသစ်ဖြစ်လာမယ့် အာဇစ်က ကစားသမားသစ်ခေါ်ယူမယ့်အကြောင်းကို မော်ရင်ဟိုနဲ့ တိုင်ပင်ထားပြီးဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
အာဇစ်က “ကျွန်တော်တို့လိုချင်တဲ့ ကစားသမားတွေအကြောင်း မော်ရင်ဟိုကို ပြောပြထားပါတယ်။ ရိုမီယိုလူကာကူ၊ ပေါ်လိုဒိုင်ဘားလားနဲ့ အန်ဒါဆင်တာလစ္စကာတို့ပါ။ နောက်ထပ်ကစားသမားတွေ ကျန်ပါသေးတယ်။ သူတို့ကိုတော့ ကျွန်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံရပြီးမှ ထုတ်ဖော်ပြောသွားပါမယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လူကာကူဟာ ယခင်က မော်ရင်ဟိုရဲ့လက်အောက် မတူညီတဲ့အသင်း ၃ သင်းမှာ ကစားခဲ့ဖူးတာဖြစ်ပြီး အဆိုပါအသင်းတွေဟာ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ ရိုးမားတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လူကာကူဟာ ချဲလ်ဆီးကနေ ရိုးမားသို့ အငှားစာချုပ်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ပေါ်တူဂီသားရဲ့လက်အောက် မတူညီတဲ့ အသင်း ၄ သင်းမှာကစားဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ စုစုပေါင်း ၄၇ ပွဲကစားထားပြီး ၂၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။ လူကာကူဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာပြန်လည်ကစားဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။
ချဲလ်ဆီးအနေနဲ့ အသက်-၃၁ နှစ် အရွယ် ကစားသမားကို အပြီးသတ်ရောင်းချဖို့ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ ဝန်းကျင် သတ်မှတ်ထားတာကြောင့် အီတလီစီးရီးအေကလပ် နာပိုလီကလည်း ဝါရင့်တိုက်စစ်မှူးကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ခဲ့စဉ်မှာတော့ မော်ရင်ဟိုက “ကျွန်တော့်ကို ချစ်ခြင်းမေတ္တာနဲ့ကြိုဆိုပေးခဲ့ကြလို့ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော့်ရဲ့နာမည်ကို ဖီနာဘာချီနဲ့ချိတ်ဆက်လိုက်ကတည်းက ဒီအသင်းရဲ့ချစ်ခြင်းမေတ္တာကိုခံစားခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ပရိသတ်တွေက နိုင်ပွဲတွေ ရယူပြီးမှပဲ နည်းပြသစ်ကိုချစ်ခင်ကြတာဖြစ်ပေမယ့် ဒီအသင်းပရိသတ်တွေကတော့ နိုင်ပွဲတွေမယူနိုင်ခင်မှာပဲ လှိုက်လှိုက်လှဲလှဲကြိုဆိုပေးကြပါတယ်။ ကျွန်တော့် အတွက်တော့ ဒါဟာကြီးမားတဲ့ တာဝန်တစ်ရပ်ပါပဲ။ ဒီအသင်းအင်္ကျီက ကျွန်တော့်ရဲ့အရေပြားလိုပါပဲ။ ဒီလောက်အထိ ဘောလုံးကို ဝါသနာပြင်းထန်တဲ့ အသင်းမျိုးကို အခြားနေရာမှာမတွေ့နိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။