The network connection is lost.

Banner Image

ဂျီနိုအာကို ဂိုးပြတ်အရေးနိမ့်ခဲ့မှုမှာ ဘာတွေမှားယွင်းခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ မော်ရင်ဟို

ဂျီနိုအာကို ၄-၁ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ရိုးမားအသင်း ဘာတွေမှားယွင်းခဲ့သလဲ ဆိုတာကို နည်းပြမော်ရင်ဟိုက ရှင်းပြလိုက်ပြီး ပရော်ဖက်ရှင်နယ်သက်တမ်းတလျှောက် အဆိုးဝါးဆုံးရာသီသစ်စတင်မှုတစ်ခုပဲလို့ ပြောပါတယ်။
 
ရိုးမားက အခုဘောလုံးရာသီမှာ စီးရီးအေခြောက်ပွဲကစား၊ ရမှတ် ငါးမှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၆ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်ထက် တန်းမဆင်းရရေးရုန်းကန်ရဖို့ ပိုပြီး နီးစပ်လာပါတယ်။ ဒါက ချဲလ်ဆီးနည်းပြဘဝ၊ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီသစ်မှာ ရမှတ် ၇ မှတ်သာ စုဆောင်းနိုင်ခဲ့မှုနောက်ပိုင်း မော်ရင်ဟိုရဲ့ နည်းပြဘဝသက်တမ်းတလျှောက် အဆိုးဝါးဆုံးရာသီသစ်စတင်မှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
မော်ရင်ဟိုက “ကျွန်တော်တို့ ဆိုးရွားစွာစတင်ခဲ့ပါတယ်။ ဒါလည်း အမှန်ပါပဲ။ ပေးလိုက်ရတဲ့ဂိုးကလည်း အတော်ရုပ်ဆိုးပါတယ်။ ဗီရိုနာမှာ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ အစောပိုင်းမိနစ်တွေမှာ ပေးလိုက်ရတဲ့ဂိုးလိုပါပဲ။ ဒီနေရာမှာ တုံ့ပြန်မှုတစ်ခုရှိခဲ့ပြီး ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ လော်ရန်တေး ဒဏ်ရာရသွားခဲ့လို့ အသင်းရဲ့တည်ဆောက်ပုံကို ပြောင်းလိုက်ရတာ ပိုဆိုးရွားသွားစေတယ်။ မန်စီနီကလည်း အဝါကတ်တစ်ကတ်ရထားပြီး ကွင်းလယ်ဒိုင်ရဲ့အခြေအနေအရ သူ့ကို လူစားလဲလှယ်သင့်ပြီလို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသင်းရဲ့တည်ဆောက်ပုံကို နောက်တစ်ကြိမ်ထပ်ပြောင်းခဲ့ရပြန်ပါတယ်”
 
“ကျွန်တော်တို့ရဲ့သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်လိုက်ချိန်မှာ ကွင်းဘေးစည်းမှာရှိနေတဲ့ ကျွန်တော်တို့ တွေးမိလိုက်တာက ချေပဂိုးရရှိမယ့် အခွင့်အရေးကောင်းကြီးဖြစ်တယ်ဆိုတာပါပဲ။ ဂျီနိုအာကလည်း ခံစစ်မှာ အထိုင်ချကစားခဲ့တယ်။ ကျွန်တော်တို့ ပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပေမယ့် အခွင့်အရေးကောင်းတွေ မဖန်တီးနိုင်ခဲ့ဘူး။ ကျွန်တော်တို့က တိုက်စစ်မြှင့်တင်ဖို့ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ပြိုင်ဘက်က တတိယမြောက်ဂိုးရရှိသွားချိန်မှာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ တခါတရံမှာ ဒီလိုမျိုးအခြေအနေတွေက ငါးဂိုး၊ ခြောက်ဂိုးလောက်အထိ ပေးရပြီး လုံးဝကိုပြင်းထန်တဲ့ ကပ်ဘေးဒုက္ခတစ်ခုအသွင် ပြောင်းလဲသွားနိုင်ပါတယ်။ ဂျီနိုအာရဲ့ စတုတ္ထမြောက်သွင်းဂိုးနဲ့ပတ်သက်လို့ ကျွန်တော့်အတွက် ထည့်စဉ်းစားစရာတောင် မလိုအပ်တော့ပါဘူး”လို့ ပြောပါတယ်။
 
ဒါ့အပြင် အခုရလဒ်ပိုင်းတွေက တစ်ပွဲနိုင်၊ သုံးမှတ်အဖြစ် ပြောင်းလဲလိုက်ပြီးနောက်ပိုင်း ရိုးမားရဲ့ အဆိုးဝါးဆုံးရာသီသစ် စတင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်။
 
“ကျွန်တော့်နည်းပြဘဝသက်တမ်းတလျှောက်မှာလည်း အဆိုးဝါးဆုံးရာသီသစ်စတင်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် ရိုးမားကို ဥရောပအဆင့်ဗိုလ်လုပွဲနှစ်ကြိမ်ဆက်ကစားနိုင်စေခြင်းကလည်း ပထမဆုံးအကြိမ်လို့ ကျွန်တော်ထင်ပါတယ်”လို့ မော်ရင်ဟိုက ဆက်ပြောခဲ့ပါတယ်။