The network connection is lost.

Banner Image

ပီအက်စ်ဗွီကိုရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ခံစစ်ကစားပုံကို စိတ်ပျက်မိတယ်လို့ဆိုလာတဲ့ မော့တာ

ဂျူဗင်တပ်စ်နည်းပြ သီယာဂိုမော့တာက ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဗွီကို ၃-၁ နဲ့ဂိုးပြတ်ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ့ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အသင်းရဲ့ခံစစ်ကစားပုံကို စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပွဲအပြီးမှာ မော့တာက "ကျွန်တော်တို့ ဒုတိယပိုင်းမှာ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ အရေးကြီးတဲ့အချိန်ဖြစ်နေခဲ့ပေမယ့် ပြိုင်ဘက်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာတော့ ပွဲက ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေခဲ့ပါတယ်။ သူတို့က ဂိုးရဖို့ တိုက်စစ်ဆင်လာတာကတော့ အမှန်ပါပဲ။ ပီအက်စ်ဗွီက တိုက်စစ်ကောင်းတဲ့အသင်းဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့ မကာကွယ်နိုင်ခဲ့ပါဘူး"

"ဒုတိယပိုင်းအချိန်ပိုမှာခွင့်ပြုခဲ့ရတဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး ကျွန်တော်မကျေနပ်ပါဘူး။ အထူးသဖြင့် သူတို့ ဘာကာယိုကိုကို ထည့်သွင်းအသုံးပြုခဲ့တယ်ဆိုတာ ဒီဂိုးအတွက်ပဲလို့ ကျွန်တော်တို့သိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကြိုသိနေတာတောင် ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီလိုဘောလုံးအဆင့်အတန်းမျိုးမှာ ကစားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးရှိဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အီတလီသားနည်းပြက "သူတို့တိုက်စစ်ပိုင်းက ပိုကောင်းပြီးစွမ်းဆောင်ရည်ကောင်းခဲ့တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ဒူဆန်ဗလာဟိုဗစ်နဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးတွေရခဲ့ပါတယ်။ ပွဲပြီးဆုံးတဲ့အထိတောင့်ခံဖို့ကြိုးစားခဲ့ပေမယ့် တစ်ပွဲလုံးအနေနဲ့ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့ပါဘူး။ ဒီတော့ ပီအက်စ်ဗွီကနောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ထိုက်တန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။