ဒီနှစ်မှာ ခံစားချက်တွေ ကွဲပြားခြားနားသွားပြီလို့ ထုတ်ဖော်ပြောကြားလာတဲ့ မိုဆာလက်
Boxing Day ပွဲစဉ်အဖြစ် လက်စတာကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် မိုဆာလက်က အခုဘောလုံးရာသီမှာ ခံစားချက်တွေ မတူကွဲပြားသွားပြီလို့ ပြောဆိုရင်း ရာသီကုန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးအသင်းနဲ့အတူ ကိုင်မြှောက်သွားနိုင်ရန် မျှော်လင့်နေပါတယ်။
လီဗာပူးနည်းပြအန်းစလော့အတွက် အန်ဖီးလ်အဖွင့်ရာသီဖြစ်ပေမယ့် ရာသီကုန်အမှတ်ပေးချန်ပီယံဆုကို ရရှိအောင်စွမ်းဆောင်နိုင်ခြင်းဖြင့် ယာဂန်ကလော့ပ်ရဲ့ခြေရာကို ထပ်တူလိုက်မှီသွားနိုင်ပါလိမ့်မယ်။ မိုဆာလက်ကိုယ်တိုင်လည်း သူ့ရဲ့အသင်းဖော်တွေဆီ အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်တွန်းအားပေးသွားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
Amazon Prime နဲ့တွေ့ဆုံချိန် မိုဆာလက်က “ အသင်းအနိုင်ရရှိဖို့ကသာ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့လည်း မျှော်လင့်မိပါတယ်။ ဒီနှစ်မှာတော့ ခံစားချက်တွေ မတူညီတော့ပါဘူး။ ဒါပေမယ့် အရေးအကြီးဆုံးအရာကတော့ ကျွန်တော်တို့တွေ နှိမ့်ချနေတက်ဖို့ပဲ ဖြစ်ပါတယ်။
ဒီနှစ်ကတော့ ထူးရှယ်ပါပဲ။ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့လည်း မျှော်လင့်မိပါတယ်။ ဒါက ကလပ်အသင်းအတွက် ကျွန်တော် လုပ်ပေးချင်တဲ့အရာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မိုဆာလက်က လက်စတာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူရင်း၂၀၁၇ ခုနှစ်၊ လီဗာပူးဆီ ရောက်ရှိလာပြီးနောက် အိမ်ကွင်းပရီးမီးယားလိဂ်ရာပြည့်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။
အခုရာသီ၊ မိုဆာလက်ရဲ့ပရီးမီးယားလိဂ် ၁၆ ဂိုးမြောက် သွင်းဂိုးနဲ့ပတ်သက်လို့ အန်းစလော့က “အရမ်းကောင်းတဲ့ နောက်ထပ်သွင်းဂိုးတစ်ခုပါ။ မိုဆာလက်က အခုလိုကန်ချက်မျိုးကို နှစ်ကြိမ်ကန်ခဲ့ပေမယ့် ဂိုးပေါက်ဆီ မရောက်ရှိခဲ့ပါဘူး။ ဂတ်ပို၊ ဒီယက်ဇ်၊ ဂျိုတာ၊ နူနက်ဇ်၊ မိုဆာလက်တို့လို ကစားသမားတွေဆီ ချိန်သားကိုက်ပေးပို့မှုတွေကိုသာ ပြုလုပ်နိုင်မယ်ဆိုရင် ဒီလိုဂိုးတွေအများကြီး ရရှိလာပါလိမ့်မယ်”လို့ ဆိုပါတယ်။