The network connection is lost.

Banner Image

ယူနိုက်တက်ကိုပယ်ချပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့သူ့ကို ဖာဂူဆန်က ခွင့်လွှတ်လိုက်ပြီလို့ ထုတ်ဖော်ပြောကြားလာတဲ့ မီခေးလ်

ချဲလ်ဆီးကွင်းလယ်ခံစစ်ကစားသမားဟောင်း ဂျွန်အိုဘီမီခေးလ်က သူဟာ ယူနိုက်တက်ကို ပယ်ချပြီး ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပေမယ့် ဆယ်စု ၂ နှစ်ခုအကြာမှာတော့ ဆာအဲလက်စ်ဖာဂူဆန်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခွင့်လွှတ်လိုက်ပြီလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။  နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားဟောင်း ၂၀၀၅ ခုနှစ်မှာ ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့ ကနဦးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူနိုက်တက်ဂျာစီကိုပင် ဝတ်ဆင်ခဲ့တာကို သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။

သို့သော်လည်း ၂၀၀၆ ခုနှစ်မှာတော့ မော်ရင်ဟိုရဲ့ဦးဆောင်မှုနဲ့အတူ ထွန်းတောက်လာတဲ့ ချဲလ်ဆီးအသင်းက မီခေးလ်ကို ပေါင် ၁၂ သန်းနဲ့ အမိအရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ဖာဂူဆန်က သူ့ကိုခွင့်လွှတ်ကြောင်းပြောကြားခဲ့တယ်လို့ မီခေးလ်ထုတ်ဖော်လာခဲ့ပါတယ်။

ဖာဂူဆန်နဲ့ မီးခေးလ်တို့ဟာ မကြာသေးမီက ဝင်ဘလေမှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြန်လည်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မီခေးလ်က “အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် နောက်ဆုံးမှာတော့ ဘော့စ်က ကျွန်တော့်ကိုခွင့်လွှတ်ခဲ့ပြီဆိုတော့ အရမ်းကောင်းပါတယ်။ သူက အရင်တုန်းကအကြောင်းတွေကို ပြောနေရရင်း ကျွန်တော့်ကို မင်းက ငါတို့ဆီကနေထွက်သွားတဲ့ကောင်မဟုတ်လား လို့ပြောခဲ့ပါတယ်။ သူကတကယ်ကို နှစ်လိုဖွယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ပြီး အသက်-၈၂ နှစ်ရှိပြီဆိုပေမယ့် သန်သန်မာမာရှိနေတုန်းပါပဲ” “ကျွန်တော်ကသူ့ကို တတ်နိုင်သလောက် ကျွန်တော်တို့အတွက် ရှိနေပေးဖို့ပြောတော့ သူက ‘မင်းငါတို့ဆီကနေထွက်သွားပေမယ့် ချဲလ်ဆီးမှာ အံ့ဩစရာကောင်းတဲ့ကစားသမားဘဝကို ပုံဖော်နိုင်ခဲ့တယ်။ ဒါကြောင့် မင်းရဲ့ ဆုံးဖြတ်ချက်ကို မှားတယ်လို့ပြောလို့မရပါဘူး။ ငါမင်းကို လုံးဝခွင့်လွှတ်ပါတယ်လို့ပြောပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တကယ်တော့ မီခေးလ်ဟာ အသက် ၁၈ နှစ်မပြည့််ခင်မှာပဲ ယူနိုက်တက်နဲ့ အကြိုသဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ကစားသမားရဲ့အေးဂျင့်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ မီခေးလ်ဟာ ချဲလ်ဆီးကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

မီခေးလ်က “ကျွန်တော် ဆာအဲလက်စ်ကို ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကစားခဲ့တဲ့ ပွဲတစ်ပွဲမှာ တွေ့ခဲ့ပါတယ်။ ကျွန်တော်က အဝတ်လဲခန်းထဲကနေထွက်လာတဲ့အချိန်မှာ သူကကျွန်တော့်ကို စိုက်ကြည့်နေခဲ့ပြီး ပီကေကိုပဲဝါးနေခဲ့ပါတယ်။ ပြီးတော့ စကားတစ်ခွန်းမှလည်းမပြောခဲ့ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် မင်းတော့ဖင်စုတ်ပြီ လို့ပဲတွေးနေခဲ့မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မီခေးလ်ဟာ ချဲလ်ဆီးမှာ ၂၀၁၇ ခုနှစ်အထိ နေထိုင်ခဲ့ပြီး ဂန္ထဝင်ကစားသမားဖြစ်လာခဲ့ကာ ပြိုင်ပွဲစုံ ၃၂၇ ပွဲအထိပါဝင်ကစားပေးခဲ့ပါတယ်။ နိုင်ဂျီးရီးယားသားဟာ ချဲလ်ဆီးအတွက် စုစုပေါင်း ၆ ဂိုးသာသွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။