The network connection is lost.

Banner Image

မီရီနိုကို တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့သလဲဆိုတာ ထုတ်ပြောလိုက်တဲ့ အာတီတာ

ပြီးခဲ့တဲ့စနေနေ့၊ လက်စတာကို နောက်ကျဂိုးနှစ်ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အာဆင်နယ်ရဲ့အောင်ပွဲမှာ အထူးတောက်ပခဲ့တဲ့ လူစားဝင်ကစားသမားမီရီနိုကို နည်းပြအာတီတာက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အခုပွဲစဉ်မှာ ကိုင်ဟားဗက်ဇ်၊ ဂျီးဆပ်စ်တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတဲ့ ဂန်းနားတွေက တည်ငြိမ်မှုရှိနေတဲ့ လက်စတာအသင်းခံစစ်ပိုင်းကို ဖြိုခွဲပစ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီအချိန်မှာပဲ ရဲရင့်မှုအပြည့်ရှိတဲ့ နည်းဗျူဟာပိုင်းအပြောင်းအလဲကိုပြုလုပ်လိုတဲ့ အာတီတာက မီရီနိုကို ယာယီတိုက်စစ်မှူးတစ်ဦးအဖြစ် တိုက်စစ်ပိုင်းမှာ ထည့်သွင်းလာခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်က အံ့မခန်းအောင်မြင်သွားခဲ့ပါတယ်။ စပိန်သားကွင်းလယ်ကစားသမားက အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး မြောက်လန်ဒန်ကလပ်အသင်းဆီ အရေးပါတဲ့နိုင်ပွဲတစ်ခု ယူဆောင်ပေးခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတဲ့အချက်တစ်ခုကတော့ မီရီနိုက သူတာဝန်ယူရမယ့် အခန်းကဏ္ဍသစ်အကြောင်းကို ပွဲနေ့မနက်ခင်းမှာမှ သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်-၂၇ နှစ်အရွယ်ကစားသမားက နေရာသစ်မှာ ညင်ညင်သာသာနဲ့ အံဝင်ခွင်ကျဖြစ်သွားခဲ့ပြီး ရရှိလာတဲ့အခွင့်အလမ်းတွေကို အသင်းအတွက် သွင်းဂိုးတွေအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ပွဲစဉ်အပြီး နည်းဗျူဟာပိုင်းအပြောင်းအလဲပြုလုပ်ရန် စဉ်းစားမိခဲ့ပုံနဲ့ပတ်သက်လို့ အာတီတာက “ မျှမျှတတပြောရမယ်ဆိုရင် ကျွန်တော် သူ့အကြောင်းကို မတွေးမိခဲ့ပါဘူး။ ငြင်းခုန်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ကို ရူးသွပ်သွားစေလောက်တဲ့အထိ တွန်းမပို့ချင်ခဲ့ပါဘူး။ ပွဲနေ့မနက်ခင်းပိုင်းမှာမှ ကျွန်တော်က သူ့ကို တိုက်စစ်ပိုင်းမှာကစားရနိုင်တယ်၊ ပွဲစဉ်အတွက် လိုအပ်ချက်ရှိလာရင် မင်းကိုယ်တိုင် အဲ့ဒီနေရာမှာ အထိုင်ချသွားရနိုင်တယ်လို့ ယုံကြည်ထားကြောင်း ပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် ပွဲစဉ်ကို အနိုင်ယူပေးခဲ့ပါတယ်။

ဒါပေမယ့် မီရီနိုဆီမှာ အဲ့ဒီလိုအစွမ်းအစတွေက ရှိထားပြီးသားပါ။ သူက အန္တရာယ်တွေကို အနံ့ခံနိုင်စွမ်းရှိတာကြောင့် လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။ အခွင့်အရေးတွေကိုလည်း မှန်းဆနိုင်ပါတယ်။ တချို့နေရာတွေဆီ အရောက်သွားနိုင်မယ့် အကောင်းဆုံးဟန်ချက်ညီမှုတစ်ခုလည်း သူ့ဆီမှာ ရှိထားပါတယ်။ ပြီးတော့ သူက ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများကို သေချာအသုံးပြုနိုင်စွမ်း ရှိပါတယ်။ သူ့ဆီ ဖန်တီးပေးလိုက်ဖို့ပဲ လိုအပ်ပါတယ်။ ဒီလိုဖန်တီးပေးမှုတွေကို မီရီနိုက သေချာပေါက် ဂိုးပိုက်ဆီ ပို့ဆောင်ပေးပါလိမ့်မယ်”လို့ ပြောပါတယ်။

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန်မှာလည်း အာတီတာက ပွဲမတိုင်ခင်ကတည်းက မီရီနို ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေရဲ့နည်းပြက  “ မင်း ဂိုးသွင်းနိုင်လိမ့်မယ်လို့ မီရီနိုကို ကျွန်တော်ပြောခဲ့ပါတယ်။ သူက တကယ်ကောင်းမွန်တဲ့ တိုက်စစ်လက်နက်တစ်ခုပါ။ အသင်းလိုက်အကောင်းဆုံးလှုပ်ရှားပြီး ပြိုင်ဘက်ရဲ့ခံစစ်ဇုန်ဆီ ဝင်ရောက်လာချိန်မှာ သူက အခုလိုအခိုက်အတန့်မျိုးဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် အပြောထက် အလုပ်က ပိုခက်ခဲပါတယ်”လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ကုန်ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီး အာဆင်နယ်က အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးကို ခုနစ်မှတ်အကွာမှ ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။