
The network connection is lost.

အင်တာမီယာမီနည်းပြချုပ် တာတာမာတီနိုက ဟူစတန်ဒိုင်နမိုကိုရှုံးနိမ့်ခဲ့တဲ့ ယူအက်စ်အိုးပင်းဖလား ဗိုလ်လုပွဲစဉ်မှာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိသော်လည်း MLS ရှုံးထွက်ပွဲစဉ်တွေမှာတော့ ပြန်လည်ပါဝင်နိုင်မှာဖြစ်တယ်လို့ အတည်ပြုပြောကြားလာခဲ့တာဖြစ်ပါတယ်။
ယနေ့နံနက်က ဟူစတန်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ အင်တာမီယာမီရဲ့ အရန်လူစာရင်းမှာပင် ပါဝင်ခြင်းမရှိဘဲ အသင်းရဲ့ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ တာတာမာတီနိုက ၃၆ နှစ်အရွယ်ရှိဘာစီလိုနာ ကစားသမားဟောင်းဟာ မေဂျာလိဂ်ဘောလုံးရာသီမပြီးခင်မှာ အသင်းနဲ့ပြန်လည် ပူးပေါင်းနိုင်မယ်လို့ ပရိသတ်များထံ အာမခံပြောကြားခဲ့တာဖြစ်ပါတယ်။ ယနေ့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တဲ့ မက်ဆီဟာ မီယာမီရဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
မာတီနိုက “ဒီလိုပွဲမျိုးမှာ မက်ဆီအနေနဲ့ မိနစ်အနည်းငယ်တောင် ကစားခွင့်မရှိတာက သူ့အတွက်မတရားပါဘူး။ ကျွန်တော်တို့ တစ်ပွဲပြီးတစ်ပွဲ သူ့ကိုစစ်ဆေးသွားပြီး ဆေးအဖွဲ့က ခွင့်ပြုပြီဆိုတာနဲ့ ပြန်လည်ထည့်သွင်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာတီနိုက အင်တာမီယာမီကစားသမားတွေဟာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပွဲပေါင်းများစွာကစားထားရတာကြောင့် အလွန်ပင်ပန်းနွမ်းနယ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ၎င်းက “ကျွန်တော်တို့ ပွဲတွေ ဆက်တိုက်ကန်ခဲ့ရတာကြောင့် အသင်းရဲ့ကစားသမားတွေပင်ပန်းနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာသာ အချိန်ပိုဆက်ကန်ခဲ့ရမယ်ဆိုရင် လာမယ့်စနေနေ့ပွဲစဉ်မှာ နည်းစနစ်ဝန်ထမ်းတွေကို ထည့်ကန်ခိုင်းရဖို့ရှိပါတယ်။ ပွဲဆက်တွေများနေခြင်းရဲ့ နောက်ဆက်တွဲပြဿနာကို တစ်ချိန်ချိန်မှာတော့မြင်တွေ့ရတော့မှာပါ။ အခုတောင်အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိလာပြီး အသင်းရဲ့စွမ်းဆောင်ရည်ကလည်း လျော့ကျလာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာ အင်တာမီယာမီဟာ နယူးယော့ခ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါ အသင်းဟာ လက်ရှိ မေဂျာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။