
အသင်းမှထွက်ခွာပြီး တစ်နှစ်အကြာမှာပဲ လာဇီယိုနည်းပြရာထူးကို ပြန်လည်လက်ခံခဲ့တဲ့ ဆာရီ
ရာထူးမှနုတ်ထွက်ပြီး တစ်နှစ်အကြာမှာပဲ လာဇီယိုအသင်းနည်းပြအဖြစ် ဆာရီ ပြန်လည်ရောက်ရှိလာပြီလို့ စီးရီးအေကလပ်အသင်းက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နှစ်ဖက်အကြား အသေးစိတ်သဘောတူညီမှုတွေကို ကလပ်အသင်းဘက်မှ ထုတ်ပြန်လာခြင်းမရှိပေမယ့် အီတာလျံသတင်းအေဂျင်စီ Adnkronos ကတော့ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးနည်းပြဟောင်းဆာရီဟာ လာဇီယိုအသင်းဆီ တစ်ရာသီသက်တမ်းတိုးခွင့်ရှိမယ့် နှစ်နှစ်သဘောတူစာချုပ်ဖြင့် ရောက်ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆာရီက လာဇီယိုအသင်းကို သုံးနှစ်နီးပါးကြာ တာဝန်ယူပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ ရောမအခြေစိုက်ကလပ်အသင်းက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အမှတ်ပေးဇယားသတ္တမနေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။
လာဇီယိုအသင်းဥက္ကဌ ကလော်ဒီယိုလော့တီတိုက “ ဆာရီ အိမ်ပြန်ရောက်လာပါပြီ။ သူပြန်လည်ရောက်ရှိလာမှုက ချစ်ခင်မှု၊ ခံယူချက်ပြင်းပြမှုနဲ့ အမျှော်အမြင်ရှိတဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သူနဲ့အတူ ကျွန်တော်တို့အသင်းအတွက် ပြတ်တောက်နေတဲ့လမ်းကြောင်းကို အမြန်ဆုံးပြန်လည်စတင်ချင်ပါတယ်။ ကျွန်တော်တို့အတူတကွ စိတ်အားထက်သန်မှုအပြည့်နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆရာကြီးကို သင့်ရဲ့အိမ်မှ ကြိုဆိုပါတယ်”လို့ ပြောပါတယ်။ လာဇီယိုက နည်းပြဟောင်းဘာရိုနီလက်အောက်မှာ အခုဘောလုံးရာသီကို အမှတ်ပေးဇယားသတ္တမနေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။