
ရိုးမားနောက်ခံလူ စပင်နက်ဇ်ဇိုလာဆီ မြှားဦးလှည့်လာပြန်တဲ့ မန်ချက်စတာယူနိုက်တက်
ရိုးမားနဲ့ အီတလီတို့ရဲ့ခံစစ်အစွန်လူ စပင်နက်ဇ်ဇိုလာအတွက် ချဉ်းကပ်မှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က ကစားသမား အင်အားဖြည့်တင်းဖို့ စီးရီးအေရပ်ဝန်းဆီ ဝင်ရောက်လာတယ်လို့ Sky Sport Italia ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြလာပါတယ်။
အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူထားသလို ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ တန်ဟက်က အီတလီထိပ်တန်းလိဂ်မှ အရည်အသွေးရှိကစားသမားတွေကို အင်္ဂလန်မြေဆီ ခေါ်ဆောင်ဖို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ လတ်တလောမှာ မန်ချက်စတာယူနိုက်တက်က ဘယ်ခြမ်းနောက်ခံလူတွေဖြစ်တဲ့ လုခ်ရှော၊ မာလာစီယာတို့ကို လက်လွှတ်ထားရမှုနဲ့အတူ ဒဏ်ရာပြဿနာအချို့ ကြုံတွေ့နေရပါတယ်။
နာမည်ကျော်သတင်းထောက်ဒီမာဇီယိုရဲ့အဆိုအရ ခံစစ်အစွန်ကစားသမား အားဖြည့်လိုနေတဲ့ ယူနိုက်တက်က စပင်နက်ဇ်ဇိုလာအတွက် ကနဦးချဉ်းကပ်မှုနဲ့အတူ ရိုးမားတို့ဆီ မြှားဦးလှည့်လာတယ်လို့ သိရပါတယ်။ အခုလို ယူနိုက်တက်ရဲ့ကြိုးပမ်းမှုက ကမ်းလှမ်းမှုတစ်ခုဆိုတာထက် လတ်တလောစုံစမ်းမှုတစ်ခုသာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်ကတော့ လာမယ့်သောကြာနေ့မှာ ပိတ်သိမ်းဖို့ ရှိနေပါတယ်။
ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံအီတလီအသင်းအတွက် အစောပိုင်းပွဲစဉ်တွေမှာ အထူးခြေစွမ်းပြခဲ့တဲ့ အသက်-၃၀ နှစ်အရွယ် ကစားသမားက ပွဲစဉ်တစ်ခုအတွင်း ဖနောင့်ဒဏ်ရာပေါ်ပေါက်လာခဲ့လို့ ပြိုင်ပွဲမပြီးဆုံးခင်မှာဘဲ အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရပါတယ်။ သူနဲ့ ရိုးမားတို့အကြား စာချုပ်သက်တမ်းက အခုရာသီကုန်မှာ ကုန်ဆုံးဖို့ရှိနေသလို နည်းပြမော်ရင်ဟိုကလည်း နောက်ခံအစွန်လူနေရာအတွက် ဇာလောစကီးကိုသာ ဦးစားပေးရွေးချယ်လေ့ ရှိပါတယ်။
စပင်နက်ဇ်ဇိုလာက ဆော်ဒီကလပ်အယ်လ်ရှာဘတ်ရဲ့ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် ပယ်ချခဲ့ပါတယ်။