
ဖာနန်ဒက်စ် ဆုဖလားအောင်မြင်မှုရဖို့ ယူနိုက်တက်ကကူညီရမယ်လို့ ပြောကြားလိုက်တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တည်ငြိမ်တဲ့ခြေစွမ်းကို ကာလရှည်ထိန်းသိမ်းပြီး နိုင်ပွဲရဖို့အကူအညီတွေပေးထားနိုင်တဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်အတွက် ဆုဖလားအောင်မြင်မှုတွေရရှိဖို့ အသင်းအနေနဲ့ ကူညီဖို့လိုအပ်နေတယ်လို့ ပြောကြားလာခဲ့ပါတယ်။
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်နဲ့အတူ ရီးရဲလ်ဆိုစီဒက်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ့်ပါတယ်။ ရီးရဲလ်ဆိုစီဒက်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့အနိုင်ရခဲ့တဲ့ အာမိုရင်ရဲ့အသင်းဟာ နောက်လမှာကျင်းပသွားမှာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်ကလပ် လိုင်ယွန်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နောက်ဆုံးသွင်းယူထားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ဂိုးမှာ ၁၁ ဂိုးအထိ ပါဝင်ပတ်သက်ပေးထားနိုင်တာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့ ဘရူနိုဘယ်လောက်အထိကောင်းတယ်ဆိုတာ အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ။ သူဘာကိုစိတ်ပျက်နေတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ သူက အနိုင်ရချင်တဲ့လူတစ်ယောက်ဖြစ်ပြီး အနိုင်ရလဒ်အပေါ်ကို ရူးသွပ်တဲ့လူလည်းဖြစ်ပါတယ်။ တစ်ခါတလေမှာ သူ့အနေနဲ့ အသင်းဖော်တွေကိုယုံကြည်ဖို့လိုအပ်ပေမယ့် ကျွန်တော်တို့ လိုအပ်တဲ့အချိန်တိုင်းမှာ သူအမြဲတမ်းရှိနေပါတယ်”
“သူက အသင်းရဲ့တိုက်စစ်ကိုစတင်ပေးတဲ့ကစားသမားဖြစ်သလို၊ ဂိုးလည်းသွင်းပြီး ခံစစ်လည်း ကစားနိုင်တဲ့သူပါ။ အသင်းအတွက် ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ကျွန်တော်တို့ သူ့အတွက်ဆုဖလားအောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို ၁-၁ နဲ့သရေကျအောင်ကစားနိုင်ခဲ့တဲ့ယူနိုက်တက်ဟာ ကွင်းသစ်စီမံကိန်းကို တရားဝင်ချပြခဲ့ပြီဖြစ်သလို၊ ယူရိုပါလိဂ်မှာလည်း နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန်တက်ရောက်ထားခဲ့တာကြောင့် ကောင်းမွန်တဲ့ရက်သတ္တပတ်ကို ဖန်တီးနိုင်ခဲ့တယ်လို့ဆိုရပါမယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အသင်းရဲ့ယာယီနည်းပြဟောင်း ဗန်နစ္စတယ်ရွိုင်းဦးဆောင်နေတဲ့ လက်စတာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။