
The network connection is lost.

လီဗာပူး အသင်းဟာ အခုဘောလုံးရာသီမှာ တိုက်စစ်မှူးဒါဝင်နူနက်ဇ်ရဲ့ အကောင်းစားခြေစွမ်းတွေကို မြင်တွေ့ကြရမယ်လို့ ကွင်းလယ်လူမက်အယ်လစ္စတာက အားပေးပြောဆိုလိုက်ပါတယ်။
ယမန်နေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း နူနက်ဇ်က မက်အယ်လစ္စတာရဲ့ ကောင်းမွန်တဲ့ပေးပို့မှု တစ်ခုကို အပိုင်ကန်သွင်းကာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ အခုဘောလုံးရာသီကို ရှုံးပွဲမရှိဖြတ်သန်းနေတဲ့ ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် ဥရုဂွေးသားက လေးဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ကာ ကူညီပေးထားပြန်ပါတယ်။
ဘင်ဖီကာမှ လီဗာပူးဆီ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ဒါဝင်နူနက်ဇ် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒါဝင်နူနက်ဇ်ဟာ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ဖော်ပြသနေပြီလို့ ကလပ်အသင်းဖော်မက်အယ်လစ္စတာက ယုံကြည်နေပြီး မာဆေးဆိုဒ်ကလပ်အတွက် အဓိကကစားသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ အားပေးခဲ့ပါတယ်။
“နူနက်ဇ်က ပိုကောင်းသထက် ကောင်းလာပြီလို့ ယူဆမိပါတယ်။ ဒီနှစ်မှာပဲ သူ့ရဲ့အကောင်းဆုံးပုံစံကို ကျွန်တော်တို့ မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ သူက အရမ်းတော်သလို အလုပ်လည်း အရမ်းကြိုးစားပါတယ်။ သူ့အတွက် ကျွန်တော် အရမ်းကျေနပ်မိပါတယ်”လို့ မက်အယ်လစ္စတာက ပြောပါတယ်။
ယမန်နေ့ညပိုင်း၊ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း နူနက်ဇ်ဆီ ဂိုးဖန်တီးပေးခဲ့မှုနဲ့ပတ်သက်လို့ အာဂျင်တီနားလက်ရွေးစင်ကစားသမားက “ဒါက ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မိုဆာလက်နဲ့ ဒါဝင်နူနက်ဇ်က ပြိုင်ဘက်ခံစစ်တန်းကို ကျော်ဖြတ်ဖို့ အသင့်ရှိနေတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော် ဘောလုံးပေးပို့ခဲ့ပြီး ကျန်တဲ့အပိုင်းကိုတော့ နူနက်ဇ်ကပဲ ဆက်လုပ်သွားခဲ့တာပါ”လို့ ရှင်းပြခဲ့ပါတယ်။
နောက်ဆုံးခြောက်ပွဲဆက် အနိုင်ရထားတဲ့ လီဗာပူးက လာမယ့်ဗုဒ္ဓဟူးနေ့၊ လက်စတာနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်မှာလည်း သူတို့ရဲ့နိုင်ပွဲဆက်မှတ်တမ်းကို ဆက်လက်တိုးမြှင့်သွားမယ်လို့ မျှော်လင့်ရပါတယ်။