
ဒီဘရိုင်းအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတိပေးပြောကြားလိုက်တဲ့ လူကာကူ
နာပိုလီတိုက်စစ်မှူး လူကာကူက ဘယ်လ်ဂျီယံအသင်းဖော် ဒီဘရိုင်းအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။စီးတီးမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးနောက် ဒီဘရိုင်းဟာ အီတလီမြေမှာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လူကာကူက ဒီဘရိုင်းကို နာပိုလီမှာမြင်ရတာ ဝမ်းသာနေပြီး ပရိသတ်အားပေးမှုကောင်းတွေရရှိမယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီဘရိုင်းဟာ စီးတီးအသင်းနဲ့အတူ ဆက်နေချင်နေပေမယ့် စာချုပ်သက်တမ်းမတိုးခဲ့တာကြောင့် နာပိုလီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီအသင်းဟာ ချန်ပီယံလိဂ်အောင်မြင်မှုရယူနိုင်ဖို့အပြင် ဒီဘရိုင်းအနေနဲ့ ထိပ်တန်းကစားသမားဖြစ်နေဆဲဆိုတာကို သက်သေပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အင်တာဗျူးတစ်ခုမှာ လူကာကူက ဒီဘရိုင်းတစ်ယောက် နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ အဓိကနေရာကနေပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂ ဦးကြားမှာ များပြားတဲ့ပြောဆိုမှုတွေရှိခဲ့တာဖြစ်ပြီး နိုင်ငံအသင်းမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။ “သူ(ဒီဘရိုင်း) ပြောင်းရွှေ့လာတာကို ကျွန်တော်ပျော်ပါတယ်။ သူက နာပိုလီအသင်းနောက်တစ်ဆင့်တက်နိုင်မယ်ဆိုတာကို သေချာသိပါတယ်။ ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်တာပါ။
ကျွန်တော်တို့ ချန်ပီယံဆုကိုကာကွယ်ချင်တာမဟုတ်သလို တိုးတက်ချင်တာပါ။ ကျွန်တော် သူနဲ့နိုင်ငံအသင်းမှာလည်း စကားပြောဖြစ်ပါတယ်။ ဒီမှာအခြေအနေဘယ်လိုရှိလဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။ ကျွန်တော် ဒီမှာနေထိုင်မှုအခြေအနေကိုလည်း ရှင်းပြခဲ့ပါတယ်။ မာတင် နဲ့ ကျွန်တော် သူ့ကိုအကောင်းဆုံးအကြံပေးခဲ့ပါတယ်။ ကီဗင်က မှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်ခဲ့ပါတယ်။ နာပိုလီကစားသမားတစ်ဦးဟာ အချစ်တွေအများကြီးလက်ခံရရှိလေ့ရှိပါတယ်။
ကီဗင်အနေနဲ့ အဲ့အတွေ့အကြုံရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အီတလီမှာဘောလုံးကန်ရတာက ဘယ်အရာနဲ့မှမယှဉ်နိုင်ပါဘူး။ ဒီလိုစိတ်အားထက်သန်မှုဘယ်နေရာမှာမှမမြင်နိုင်ပါဘူး။ ဒါပေမယ့် ဆိုးဝါးတဲ့အခြေအနေတွေလည်းရှိပါတယ်။ အခြေအနေတွေက ကောင်းကောင်းမဖြစ်ချိန်မှာ ပရိသတ်အားပေးမှုမပြည့်ဝတဲ့အသင်းတွေမှာလည်း ကစားဖူးပါတယ်။အဲ့တာက ကျေနပ်စရာမကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တစ်နေ့ချင်းကိုအရာအားလုံးပေးဆပ်ရမယ်ဆိုတာကို နားလည်ဖို့လိုအပ်ပါတယ်”လို့ လူကာကူက ဖြေကြားခဲ့ပါတယ်။
နာပိုလီဟာ ကွန်တီလက်အောက်မှာ ပိုမိုတောင့်တင်းလာခဲ့ပြီး စီးရီးအေချန်ပီယံဆုအပြင် လာမယ့်ရာသီမှာ အခြားအောင်မြင်မှုတွေပါရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။