
ခြေစွမ်းပိုမိုထက်မြက်လာပြီး ဂိုးတွေဆက်တိုက်သွင်းလာနိုင်တဲ့ ဒမ်ဘီလီရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က အသင်းရဲ့တောင်ပံကစားသမား အူစမန်ဒမ်ဘီလီတစ်ယောက် ဘာကြောင့်ခြေစွမ်းအလွန်ထက်မြက်လာပြီး ဂိုးတွေဆက်တိုက်သွင်းလာနိုင်သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပြီး သူ့အနေနဲ့လည်း ကစားသမားရဲ့ တိုးတက်မှုကို အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ယခု ၂၀၂၅ ခုနှစ်အတွင်း ပီအက်စ်ဂျီအတွင်း ၁၃ ဂိုးအထိသွင်းယူထားပြီး အသင်းကို အကြိမ်ကြိမ်အထောက်အကူပြုပေးထားတာဖြစ်ပါတယ်။ ပွဲစဉ်တိုင်းလိုလိုမှာ ဂိုးသွင်းနေတဲ့ ဒမ်ဘီလီဟာ မကြာခဏဆိုသလို ဟက်ထရစ်တွေလည်း သွင်းယူလာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒမ်ဘီလီရဲ့ခြေစွမ်းတိုးတက်မှုနဲ့ပတ်သက်ပြီး လူးဝစ်အင်းနရစ်က "ပြိုင်ဘက်ရဲ့ ပင်နယ်တီဧရိယာထဲမှာ ခြေစွမ်းတိုးတက်လာတဲ့ဒမ်ဘီလီက ကျွန်တော်တို့အတွက်လည်း အံ့အားသင့်စရာကောင်းလာပါတယ်။ သူက သူရောက်ဖို့လိုအပ်နေတဲ့နေရာမှာ ဘောလုံးလက်ခံပြီး ဘောလုံးထိချက် ၁ ချက်တည်းနဲ့ ဂိုးသွင်းတတ်လာပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ကွာလတီကိုကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ဒီရာသီသူ့ရဲ့စွမ်းဆောင်ရည်က အချက်အလက်တွေအရကို အတော်လေးအားရစရာကောင်းနေပါတယ်"
"ဒမ်ဘီလီက တောင်ပံကစားသမားတစ်ယောက်ဆိုပေမယ့် တိုက်စစ်ရဲ့ဘယ်နေရာမှာမဆို ကစားဖို့အဆင်သင့်ဖြစ်နေတာက တကယ်ကို အပြုသဘောဆောင်ပါတယ်။ ဂိုးဧရိယာထဲမှာ တသမတ်တည်းဖြစ်တဲ့ လှုပ်ရှားမှုမျိုးကို ထိန်းသိမ်းထားနိုင်တာ မယုံနိုင်စရာပါပဲ။ ပြီးခဲ့တဲ့ရာသီက သူ့ကိုတောင်ပံကစားသမား တစ်ယောက်အနေနဲ့ မြင်တွေ့ခဲ့ပေမယ့် ဒီနှစ်မှာတော့ သူက နံပါတ် ၉ ကစားသမားတစ်ယောက်နေနဲ့ပါ ကစားနေပါပြီ။ ဒီလိုတိုးတက်မှုနဲ့ အကျိုးအမြတ်အတွက် ကျွန်တော်အရမ်းကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တုန်းက ဒမ်ဘီလီဟာ ဘာစီလိုနာရဲ့ အဆိုးဝါးဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ဖူးပြီး ထိုစဉ်က စပိန်ကလပ်ဟာ ကစားသမားကိုခေါ်ယူဖို့ ပေါင် ၁၁၂ သန်းအထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီရဲ့အကောင်းဆုံးကစားသမားဖြစ်နေပြီး အလားအလာရှိတဲ့ခြေစွမ်းမျိုးကိုလည်း ပြသထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်အဖြစ် ပြည်တွင်းလီဂူးဝမ်းပြိုင်ဘက် ဘရက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။