ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ရဲ့ စိတ်ဝင်စားမှုအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ လူးဝစ်ဒီယက်ဇ်
အခုနွေရာသီကာလအတွင်း ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ရဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပြီးနောက် လီဗာပူးတောင်ပံကစားသမား ဒီယက်ဇ်က အသင်းမှ ထွက်ခွာဖို့တောင်းဆိုမှုတွေကို တုံ့ပြန်လာခဲ့ပါတယ်။
ဒီယက်ဇ်က အပြောင်းအရွှေ့ကာလမှာ စပိန်နဲ့ ပြင်သစ်တို့ စိတ်ဝင်စားနေတဲ့ အကြောင်းအရာဖြစ်လာပြီး လီဗာပူးအသင်းဘက်ကလည်း အသင်းတိုက်စစ်မှူးတွေအနက် တစ်ဦးကို ရောင်းချဖြစ်မယ်ဆိုရင် ကျောနံပါတ်-၇ ကိုပဲ ဈေးကွက်တင်သွားဖွယ်ရှိပါတယ်။ ဒါပေမယ့် ဒီယက်ဇ်နဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက ခိုင်မာတဲ့တိုးတက်မှုတွေ မမြင်တွေ့ရသေးဘဲ မှန်းဆချက်တွေကြားမှာပဲ လူးလွန့်နေပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာတော့ ကိုလံဘီယာ သတင်းထောက်ဆီယာရာက ဒီယက်ဇ်ကို ပီအက်စ်ဂျီစိတ်ဝင်စားနေတာ သေချာပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး The Telegraph သတင်းဌာနကလည်း လီဗာပူးအနေဖြင့် အခုကစားသမားပြောင်းရွှေ့မှုအတွက် ပေါင် ၇၅ သန်းဝန်းကျင် ရှာဖွေသွားလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
အမ်ဘာပေရဲ့ရီးရဲလ်မက်ဒရစ်ဆီ ထွက်ခွာမှုနဲ့အတူ တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေမယ့် ပီအက်စ်ဂျီရဲ့စိတ်ဝင်စားမှုကို ရရှိထားပေမယ့် ဒီယက်ဇ်ကတော့ အန်ဖီးလ်မှာ အလွန်ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
အမေရိကန်ကို အဝေးကွင်းမှာ ၅-၁ ဂိုးဖြင့် အနိုင်ရတဲ့ ကိုလံဘီယာရဲ့ခြေစမ်းပွဲစဉ်အပြီး ဒီယက်ဇ်က “လီဗာပူးအသင်းမှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအသင်းမှာ အမြဲတမ်းကစားချင်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အရမ်းပျော်ရွှင်တည်ငြိမ်နေပါတယ်။ အခု ဒီနေရာမှာ ကျွန်တော်တို့ရှိနေလို့ ကိုလံဘီယာလက်ရွေးစင်အသင်းအကြောင်းပဲ ကျွန်တော် အမြဲစဉ်းစားနေပါတယ်။ တခြားဘာကိုမှမတွေးနိုင်ပါဘူး”လို့ ပြောပါတယ်။
ဒါကြောင့် ဒီယက်ဇ်ရဲ့အပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်မြောက်လာမယ်ဆိုရင် ဒါက လီဗာပူးအသင်းကိုယ်တိုင် ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို လက်ခံလိုက်လို့ ဖြစ်ပါလိမ့်မယ်။ ကစားသမားရဲ့ဖခင်ဖြစ်သူကတော့ စပိန်မြေဆီပြောင်းရွှေ့ဖို့ ထပ်ခါတလဲလဲတိုက်တွးနေပေမယ့် ဒီယက်ဇ်ရဲ့စိတ်ဆန္ဒတွေ အပြောင်းအလဲရှိလာပုံ မရသေးပါဘူး။ တဖက်မှာလည်း လီဗာပူးအသင်းက ပီအက်စ်ဂျီအသင်းရဲ့စိတ်ဝင်စားမှုတွေကို ကာကွယ်နိုင်ရန် ဒီယက်ဇ်ဆီ လစာငွေကြေးတိုးမြှင့်ပေးထားတဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ ပြီးခဲ့တဲ့ဧပြီလအတွင်း ဆီယာရာက ပြောခဲ့ပါတယ်။
၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒီယက်ဇ်က ပေါ်တိုမှပြောင်းရွှေ့လာပြီးနောက် နှစ်နှစ်ခွဲတာကာလအတွင်း အသင်းမှာ သူ့ရဲ့ပုံရိပ်နဲ့ခြေစွမ်းကို တည်ဆောက်နိုင်ခဲ့လို့ ကလပ်အသင်းဘက်ကလည်း ထုံးစံအတိုင်းပဲ လစာတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။