
မာနတွေဖယ်ရှားပြီး စည်းလုံးညီညွတ်မှုရှိဖို့ ဘာစီလိုနာအသင်းဖော်တွေကို ယာမယ်လ်တိုက်တွန်း
ဘာစီလိုနာအသင်းရဲ့ ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်က ဗယ်လီကာနိုကို သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ နည်းပြဟန်ဆီဖလစ်ရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အသင်းသားတွေအနေနဲ့ မာနတွေဖယ်ရှားပြီး စည်းလုံညီညွှတ်ကြဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။
ဗယ်လီကာနိုကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဟန်ဆီဖလစ်က ဘာစီလိုနာအသင်းသားတွေကို စည်းလုံညီညွှတ်မှုရှိကြဖို့နဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေက အောင်မြင်မှုကို ဖျက်ဆီးနိုင်ကြောင်း သတိပေးစကားပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ ယာမယ်လ်က အသင်းအနေနဲ့ အခုလို သရေပွဲနဲ့ကြုံတွေ့ခဲ့ရခြင်းမှာ မာနတွေကြောင့်မဟုတ်ဘဲ ရာသီအစမှာ လိုအပ်တဲ့အာရုံစူးစိုက်မှုကို မရရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ပြန်လည်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ ယာမယ်လ်ဟာ ဘာစီလိုနာအတွက် ပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ယခုရာသီ လာလီဂါ ၃ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်း၊ ဂိုးဖန်တီးထားနိုင်တာကြောင့် အသင်းရဲ့ အတောက်ပဆုံးကြယ်ပွင့်အဖြစ် ဆက်လက်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။
ယခုအခါမှာ စပိန်လက်ရွေးစင်က "အသင်းအနေနဲ့ သရေကျပြီး ကစားပုံမကောင်းခဲ့တာက အဝတ်လဲခန်းထဲက ကစားသမားတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်မဟုတ်ဘဲ ရာသီအစမှာ လိုအပ်တဲ့အာရုံစူးစိုက်မှုတွေ မပြုလုပ်နိုင်ခဲ့လို့ဖြစ်ပါတယ်။ သရေကျခဲ့လို့ စိတ်ဓာတ်ပိုင်းကျဆင်းမှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့ ပြန်လည်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းအတွက် အကောင်းမွန်ဆုံးစွမ်းဆောင်ရည်တွေကို ပြသပေးနိုင်ခဲ့တဲ့ယာမယ်လ်ဟာ ကွင်းတွင်းမှာသာမက ကွင်းပြင်ပမှာပါ မီဒီယာအာရုံစိုက်မှု ကို အတော်လေးရရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ပါတီကြောင့် ယာမယ်လ်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ကြုံတွေ့ခဲ့ရသလို၊ မကြာသေးမီရက်သတ္တပတ်အတွင်းမှာလည်း သူရဲ့သတင်းတွေဟာ ခေါင်းကြီးပိုင်းသတင်းတွေဖြစ်ခဲ့ပါတယ်။
သို့သော်လည်း အဆိုပါ ဝေဖန်မှုတွေနဲ့ ထင်ကြေးပေးမှုတွေက ကစားသမားဘဝအတွက် အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ကြောင်းကို ယာမယ်လ်က "အခုနောက်ပိုင်းမှာ ကျွန်တော့်ရဲ့ကွင်းထဲက စွမ်းဆောင်ရည် ကွင်းပြင်ပက အကြောင်းတွေကို လူတွေပိုပြီးအာရုံစိုက်နေကြပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကလည်း ကျွန်တော့်ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကြောင့်ပဲ ပေါ်လာခဲ့တာပါ။ ဒါတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး။ သတင်းတွေအတော်များများက လုပ်ကြံဖန်တီးမှုတွေနဲ့ပြည့်နှက်နေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့လမ်းကြောင်းပေါ်မှာပဲ ပုံမှန်အတိုင်း ဆက်သွားနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။