
ပြင်သစ်သားဟာ ဘယ်လင်ဟမ်ထက် ပိုခြိမ်းခြောက်နိုင်တယ်လို့ ဘာစီလိုနာစတား ကာဘာဆီ ရှင်းပြ
မကြာခင်မှာရင်ဆိုင်ရတော့မယ့် အယ်လ်ကလက်ဆီကိုပွဲမတိုင်ခင် ဘာစီလိုနာနောက်ခံလူ ကာဘာဆီက ဘာပေဟာ ဘယ်လင်ဟမ်ထက် ပိုထိန်းချုပ်ရခက်ခဲတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပြင်သစ်သားဟာ ပြေးအားအပြင် အဆုံးသတ်ပိုင်းကြောင့် ထိန်းချုပ်ရခက်ခဲတယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားကို ၂၁ မှတ်နဲ့ဦးဆောင်နေပြီး ဘာစီလိုနာက သူ့နောက်မှာ ၂ မှတ်အကွာနဲ့ရပ်တည်နေပါတယ်။
ဘာနေဗျူးအယ်လ်ကလက်ဆီကိုပွဲက လာလီဂါချန်ပီယံဆုအတွက် အကျိုးသက်ရောက်မှုလည်းရှိနိုင်တာဖြစ်ပါတယ်။ လက်ရှိလာလီဂါ ၈ ပွဲကစားပြီးချိန်မှာ ရီးရဲလ်က ၂၁ မှတ်နဲ့ ဦးဆောင်နေပေမယ့် လာမယ့်အောက်တိုဘာ ၂၆ ရက်နေ့မှာ အယ်လ်ကလက်ဆီကိုပွဲကန်ရမှာဖြစ်ပြီး ဘာစီလိုနာက ဆီဗီလာကို ၄-၁ နဲ့အရေးနိမ့်ပြီနောက် အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
အဆိုပါပွဲမတိုင်ခင် ကာဘာဆီက ရီးရဲလ်တိုက်စစ်ရဲ့ခြိမ်းခြောက်နိုင်စွမ်းကို သတိပေးခဲ့သလို ဘာပေက ဘယ်လင်ဟမ်ထက် ထိန်းချုပ်ရခက်ခဲတယ်လိ့ု့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ကာဘာဆီက ဘာပေရဲ့ကစားဟန်ကြောင့် ထိန်းချုပ်ရခက်ခဲသလို သူ့ကိုပိုထိန်းချုပ်ဖို့ ကြိုးစားရမယ်လို့ ပြောကြားလိုက်ပါတယ်။
အေအက်စ်သတင်းဌာနနဲ့အင်တာဗျူးမှာ ကာဘာဆီက “၂ ဦးစလုံးက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဘာပေက ပိုအရှင်ကစားပါတယ်။ တိုက်စစ်နေရာလွတ်တွေမှာလည်း ကောင်းကောင်းကစားနိုင်ပါတယ်။ ပြီးတော့ အရမ်းလျင်မြန်ပါတယ်။ ဘယ်လင်ဟမ်ကလည်း ခန့်မှန်းလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူကအတွင်းကနေလာတာကြောင့်ပါ။ ဒါပေမယ့် ဘာပေကိုပိုထိန်းချုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ သူကပိုမြန်သလို အဆုံးသတ်လည်းကောင်းပါတယ်။ ပထမဆုံးထိချက်နဲ့တင် ဂိုးသွင်းနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဆီဗီလာကိုအရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဘာစီလိုနာရဲ့ခံစစ်ပိုင်းအားနည်းချက်ကို ဝေဖန်နေကြပါတယ်။ ဘာပေဟာ ဘာစီလိုနာခံစစ်ကို ဒုက္ခပေးနိုင်ပြီး ဒီရာသီအသင်းအတွက် ၈ ပွဲမှာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ခက်ခဲတဲ့ရက်သတ္တပတ်တွေရောက်လာနေပြီဖြစ်ကာ ယာမဲလ် ၊ ရာဖင်ဟာ ၊ ဂါစီယာ နဲ့ လိုပက်ဇ်တို့ ဒဏ်ရာရရှိနေပါတယ်။ ရီးရဲလ်ဘက်မှာတော့ ကာဗာဂျယ် ၊ အာနိုးလ်တို့ဒဏ်ရာရနေပြီး ၂ သင်းစလုံးက ပြဿနာကိုယ်စီရှိနေတာကြောင့် အခုလာမယ့်အယ်လ်ကလက်ဆီကိုပွဲက စမ်းသပ်မှုဖြစ်လာမှာဖြစ်ပါတယ်။